တိဿတ္ထေရဝတ္ထု -၂

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး သုခဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၇။ တိဿတ္ထေရဝတ္ထု

၇။ တိဿမထေရ်ဝတ္ထု

ပဝိဝေကရသံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေသာလီပြည်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားအလိုတော်ကျ ပူဇော်နည်း

မြတ်စွာဘုရားသည် “ချစ်သားရဟန်းများတို့- ငါဘုရားသည် ဤနေ့မှစ၍ လေးလတို့ဖြင့် လွန်သောအခါ ပရိနိဗ္ဗာန် စံလွန်တော်မူပေအံ့”ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား၏အထံတော်၌ ရဟန်းခုနစ်ရာတို့သည် ထိတ်လန့်ခြင်းသို့ ရောက်ကြလေကုန်၏၊ ရဟန္တာပုဂ္ဂိုလ်တို့အား ဓမ္မသံဝေဂဖြစ်လေ၏။ ပုထုဇဉ်တို့သည် မျက်ရည်တို့ကို ဆည်းခြင်းငှာ မတတ်နိုင်ကြကုန်၊ ရဟန်းတို့သည် အစုအစုဖြစ်၍ “အဘယ်သို့ ပြုကြရပါကုန်အံ့နည်း”ဟု တိုင်ပင်ကာသာ လှည့်လည်သွားလာကြကုန်၏။ ထိုအခါ တိဿမထေရ် အမည်ရှိသော ရဟန်းတစ်ပါးသည် “မြတ်စွာဘုရားသည် လေးလလွန်သောအခါ ပရိနိဗ္ဗာန် စံယူတော်မူလတ္တံ့၊ ငါသည်လည်း ရာဂမကင်းသေးသောသူ ဖြစ်၏။ မြတ်စွာဘုရားသည် သက်တော်ထင်ရှား ရှိစဉ်သာလျှင် ငါသည် အရဟတ္တဖိုလ်ကို ယူခြင်းငှာ သင့်၏”ဟု ဣရိယာပုထ်လေးပါးတို့၌ တစ်ယောက်အထီးတည်း နေထိုင်လေ၏၊ ရဟန်းတို့၏အထံသို့ သွားခြင်းသည်လည်းကောင်း၊ တစ်စုံတစ်ယောက်သောရဟန်းနှင့် အတူတကွ စကားပြောဆိုခြင်းသည်လည်းကောင်း မရှိ၊ ထိုအခါ တိဿမထေရ်ကို ရဟန်းတို့သည် “ငါ့ရှင်တိဿ- အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးမြန်းကြလေကုန်၏။ တိဿမထေရ်သည် ထိုရဟန်းတို့၏စကားကို နားမထောင်ဘဲသာ နေလေ၏၊ ထိုရဟန်းတို့သည် တိဿမထေရ်အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြ၍ “မြတ်စွာဘုရား- ရှင်တော်မြတ်တို့အပေါ်၌ တိဿမထေရ်အား ချစ်ခင်မြတ်နိုးခြင်းသည် မရှိပါဘုရား”ဟု လျှောက်ဆိုကြလေကုန်၏၊ မြတ်စွာဘုရားသည် တိဿရဟန်းကို ခေါ်စေတော်မူ၍ “ချစ်သားတိဿ- အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးတော်မူလေ၏၊ ထိုတိဿမထေရ်သည် မိမိအလိုကို လျှောက်ကြားလတ်သည်ရှိသော် “ချစ်သားတိဿ- ကောင်းပေစွ, ကောင်းပေစွ”ဟု ကောင်းချီးပေးတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ငါဘုရား၌ ချစ်ခင်မြတ်နိုးခြင်းရှိသောသူသည် တိဿရဟန်းနှင့် တူသည်သာလျှင် ဖြစ်ကြကုန်လော့၊ နံ့သာပန်းစသည်တို့ဖြင့် ပူဇော်ခြင်းကို ပြုကြကုန်သော်လည်း ငါဘုရားကို ပူဇော်ကြသည်မမည်ကုန်၊ လောကုတ္တရာတရား ကိုးပါး အားလျော်သော အကျင့်ကို ကျင့်ကုန်သော သူတို့သည်သာလျှင် ငါဘုရားကို ပူဇော်ကြသည် မည်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၀၅] ပဝိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိ ရသံ ပိဝံ။

ဓမ္မပီတိ၊ တရားအရသာကို သောက်စို့ရသော သူသည်။ ပဝိဝေကရသဉ္စ၊ ဆိတ်ငြိမ်ရာ၌ တစ်ယောက်တည်းနေသဖြင့် ရအပ်သော ချမ်းသာခြင်း အရသာကိုလည်းကောင်း။ ဥပသမဿ၊ ကိလေသာ ငြိမ်းအေးခြင်း၏။ ဝါ၊ နိဗ္ဗာန်၏။ ရသဉ္စ၊ အရသာကို လည်းကောင်း။ ပိတွာ၊ သောက်ရသောကြောင့်။ နိဒ္ဒရောစ၊ ရာဂစသော အပူကင်းသည် လည်းကောင်း။ နိပ္ပါပေါ၊ ယုတ်မာခြင်း ကင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ရသံ၊ လောကုတ္တရာတရား ကိုးပါး၏အစွမ်းဖြင့်ဖြစ်သော အရသာကို။ ပိဝံ ပိဝန္တောပိ၊ သောက်စို့ရသော်လည်း။ နိဒ္ဒရောစ၊ ရာဂစသော အပူကင်းသည် လည်းကောင်း နိပ္ပါပေါစ၊ ယုတ်မာခြင်း ကင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ တိဿမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

တိဿမထေရ်ဝတ္ထု ပြီး၏။