ဩကာသဆုတောင်းခန်း

From Wikisource
Jump to navigation Jump to search
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ  (၁၉၇၅ ခုနှစ်)  by ဆရာသောင်းလွင် (ဘီအေ)
သြကာသဆုတောင်းခန်း

သြကာသ ဆုတောင်းခန်း

အခန်း-၆

မေး။ ။ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်က စပြီး ရပါလို၏ အရှင်ဘုရားအထိဟာ ဆုတောင်းတာဖြစ်တယ်လို့ ဆိုတယ်။ အပါယ်လေးပါးမှ လွတ်ဖို့ နိဗ္ဗာန်ရောက်ဖို့ ဆုတောင်းလို့ ရပါသလား။

ဖြေ။ ။ အပါယ်လေးပါးဆိုတဲ့ မကောင်းတဲ့ဘုံဘဝ အဖြစ်ဆိုးတွေမှ လွတ်မြောက်ဖို့နဲ့ ကောင်းမြတ်တဲ့ နိဗ္ဗာန်ကိုရဖို့ ဆုတောင်းရုံသက်သက်နဲ့ မရပါဘူး။ အပါယ်လေးပါးစတဲ့ မကောင်းတဲ့ ဘုံဘဝအဖြစ်ဆိုးတွေကို ရောက်စေ ဖြစ်စေမယ့် အပြုအမူ အကြံအစည်တွေကို မပြု မပြော မကြံစည်မိအောင် ရှောင်ကြဉ် စောင့်ထိန်းခြင်းဖြင့် အပါယ်စတဲ့ မကောင်းတဲ့ ဘုံဘဝဌာနတွေက လွတ်မြောက်နိုင်ပါတယ်။

နိဗ္ဗာန်စတဲ့ ကောင်းမြတ်တဲ့အရာကို ရဖို့ဟာလဲ ဆုတောင်းလို့မရဘူး။ နိဗ္ဗာန်ရောက်စေနိုင်တဲ့ သီလ၊ သမာဓိ၊ ပညာ စခန်းသုံးဆင့်ကို လက်တွေ့ ကျင့်ကြံ အားထုတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်တယ်။

ဗုဒ္ဓဘာသာဘုရားဟာ လူသားတွေအတွက် လမ်းမှန်ကိုသာ ညွှန်ပြတယ်။ အပါယ်ဆင်းရဲရောက်မယ့် လူကိုလဲ ကိုယ်တိုင် မကယ်နိုင်ဘဲ လူ့ပြည်၊ ဗြဟ္မာ့ပြည် နတ်ပြည် ရောက်အောင်ကိုလဲ မပို့ဆောင်နိုင်ဘူး။ ဆင်းရဲဒုက္ခတွေက လွတ်ကင်းပြီး ချမ်းသာသုခကို ခံစားနိုင်ဖို့အတွက် လူသားဟာ သူကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ကြိုးစားအားထုတ် ကျင့်ကြံယူရမယ်။

မေး။ ။ ဘုရားရှင်ဟာ လူသားတွေအတွက် ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘူးဆိုရင် ဘာအတွက် ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်နေကြပါသလဲ၊ ကိုးကွယ်ဆည်းကပ်ဖို့ လိုပါသေးသလား။

ဖြေ။ ။ ဘုရားရှင်ဟာ လူသားတွေအတွက် တစ်စုံတစ်ရာ မလုပ်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် ဘုရားရှင်ပွင့်တော်မူသည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ။ ဒီကာလအတွင်း လူသားတွေဟာ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ် ရှိခိုးပူဇော်ခဲ့ကြပါတယ်။ ယနေ့တိုင်လဲ ကမ္ဘာအနှံ့ လူသားတွေဟာ ရှိခိုးပူဇော်နေကြပါတယ်။ ဘုရားရှင်ကို ဘာကြောင့် ရှိခိုးပူဇော်နေကြသလဲလို့ မေးရင်တော့ တိတိကျကျ ဖြေဆိုနိုင်တဲ့ ဗုဒ္ဓဘာသာဦးရေဟာ အတော်နည်းပါတယ်။

ဘုရားရှင်ဟာ လူသားတွေအတွက် ဆင်းရဲတွင်းက လွတ်အောင် မကယ်တင်နိုင်ဘူး။ ချမ်းသာသုခ ရအောင်လဲ မပို့ဆောင်ပေဘူး။ လူသားဟာ ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ဆင်းရဲလွတ်အောင် ချမ်းသာတဲ့ သုခဘုံကိုရအောင် ကြိုးစားအားထုတ် ရုန်းကန်ရတယ်။ ဒီလို ကြိုးစား ရုန်းကန်နေတဲ့ နေရာမှာ ဆင်ကန်းတောတိုး ကြိုးစားရုန်းကန်လို့ မရဘူး။ ဘုရားပွင့်တော်မမူမီက လူသားတွေဟာ အစမထင် သံသရာတစ်လျှောက်မှာ မီးနတ်၊ နေနတ်၊ လေနတ်၊ မိုးနတ်၊ တောစောင့်နတ်၊ မြစ်စောင့်နတ်၊ တောစိုးသစ်ပင်ကြီးတွေ စတဲ့ အကောင်အထည် မရှိတဲ့ သဘာဝနတ်ဘုရားတွေကို အားကိုးရာအဖြစ်နဲ့ ကိုးကွယ်အားထား ရှိခိုးပူဇော်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီ မီးနတ်၊ ရေနတ် စတဲ့ ဘုရားတွေဟာ လူသားတွေအတွက် ဘာတစ်ခုမှ လုပ်မပေးနိုင်ပါဘူး။

ဂေါတမဘုရားရှင် ပွင့်လာတဲ့အခါမှာ သင်တို့ ကိုးကွယ်နေတဲ့ မီးနတ်၊ ရေနတ်တွေရော ငါဘုရားပါ သင်တို့ဆင်းရဲကို ဆောင်မပေးနိုင်ဘူး။ သင်တို့ ဆင်းရဲက လွတ်အောင် ချမ်းသာသုခရအောင် သင်တို့သာ အားထုတ်ကြိုးစားရမယ်လို့ အမှန်တရားကို ဟောပြောတော်မူတယ်။ ဒီအခါမှာ လူသားဟာ ဆင်းရဲလွတ်အောင် ဘယ်လိုနေထိုင် ပြောဆိုကြံစည်ရမယ်၊ နတ်ရွာနိဗ္ဗာန်ချမ်းသာကို ရအောင် ဘယ်လိုကျင့်ကြံ အားထုတ်ရမယ်ဆိုတာကို မသိနိုင်ဘဲ ယောင်လည်လည် ဖြစ်နေတယ်။

ဒီအခါမှာ ဘုရားရှင်က ဒီလိုနေထိုင် လုပ်ကိုင်ပြောဆို ကြံစည်တာဟာ ဆင်းရဲလွတ်ကြောင်း၊ ချမ်းသာသုခရကြောင်း ဖြစ်တယ်လို့ နည်းကောင်း လမ်းမှန်ကို ညွှန်ပြတော်မူခဲ့တယ်။ ဘုရားရှင် ညွှန်ပြတော်မူတဲ့အတိုင်း လူသားတွေ ကျင့်ကြံအားထုတ်ကြတဲ့အခါ ဘုရားရှင်ဟောတဲ့အတိုင်း ချမ်းသာသုခကို ရရှိကြတယ်။ ဆင်းရဲဒုက္ခတွေက ကင်းလွတ်ကြတယ်။ ဒီလိုဆင်းရဲက ကင်းလွတ်ကြောင်း၊ ချမ်းသာသုခရကြောင်း တရားလမ်းမှန်ကို ညွှန်ပြနိုင်တဲ့ ဆရာတစ်ဆူအနေနဲ့ ကျေးဇူးတုံ့ပြန်သောအားဖြင့် ကိုးကွယ်ဆည်းကပ်နေကြခြင်း ဖြစ်တယ်။

မေး။ ။ ဗုဒ္ဓဘာသာမှာ ဆုတောင်းလို့ မရဘူး။ ကိုယ်တိုင် အားထုတ်ယူမှ ရတယ်ဆိုရင် ဆုတောင်းဖို့ လိုပါသေးသလား။

ဖြေ။ ။ ဆုတောင်းလို့ မရပေမယ့် ဆုတောင်းဖို့တော့ လိုပါတယ်။ ဒါပေမယ့် ဆုတောင်းရုံ သက်သက်နဲ့ လိုတဲ့အကျိုးကို မရဘူးဆိုတာလဲ သိထားရမယ်။ ဆုတောင်းတယ်ဆိုတာက မိမိစိတ်မှာ ဖြစ်ပေါ်တဲ့ လိုအင်ဆန္ဒတစ်ခုကို နှုတ်မြွက်ပြောဆိုခြင်း ဖြစ်တယ်။ စိတ်ထဲမှာရှိတာကို နှုတ်ကမြွက်ဆို အဓိဋ္ဌာန်ပြုပြီးနောက် လက်တွေ့ကျင့်ကြံ အားထုတ်လိုက်တဲ့အခါ မူလစိတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အကျိုးတရားကို ရရှိခံစားနိုင်တယ်။ ဒါကြောင့် လက်တွေ့ လုပ်ဆောင်မှုရဲ့ ရှေ့သွားဖြစ်တဲ့ ဆုတောင်းခြင်းဟာ လိုအပ်ပါတယ်။

လောကမှာ လူသားတွေ မလိုလား မနှစ်သက်တဲ့ အပါယ်လေးပါး၊ ကပ်သုံးပါးစတဲ့ အကျိုးတရားတွေ ရှိတယ်။ ဒီအပါယ်လေးပါး၊ ကပ်သုံးပါး စသည်မှ လွတ်ရပါလို၏လို့ မကြာမကြာ ဆုတောင်းနေခြင်းဖြင့် ဒီအပါယ်လေးပါး၊ ကပ်သုံးပါးနဲ့ ကြုံတွေ့ရမှာကို ကြောက်လန့်မှု သံဝေဂရမယ်။ ဒီလိုမကြာခဏဆုတောင်းလို့ မကြာခဏသတိရပြီး ကြောက်လာတဲ့အခါမှာ ဒီအပါယ်လေးပါး စသည်ကို ရောက်စေမယ့် မကောင်းတဲ့ အပြုအမူ အပြောအဆို အကျင့်အကြံတွေက ရှောင်ကြဉ်မယ်။

လောကလူသားတွေ အလွန်လိုချင် တောင့်တနေတဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတွေ ရှိတယ်။ ဒီချမ်းသာတွေဟာ အကျိုးတရားတွေ ဖြစ်တယ်။ ဒီချမ်းသာသုခ အကျိုးတရားတွေကို ရပါလို၏လို့ မကြာခဏ ဆုတောင်းခြင်းဖြင့် ပို၍ပို၍ လိုချင် ရောက်ချင်လာမယ်။ ရောက်ချင်စိတ်တွေ များလာရင် ထိုချမ်းသာတွေ ရရာရကြောင်း ကောင်းမြတ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ အကြောင်းတွေကို ကြိုးစားအားထုတ် ကျင့်ကြံလာကြမယ်။ ကောင်းတဲ့ အပြုအမူ အပြောအဆို အကြံအစည်တွေကို လက်တွေ့ လုပ်ဆောင်လာရင် လူ နတ် နိဗ္ဗာန် ချမ်းသာသုခတွေကို တကယ်မုချ ရောက်နိုင်ကြမယ်။

ဒီလို အပါယ်လေးပါးစတဲ့ ဆင်းရဲတွေကို ကြောက်လန့်လာပြီး မကောင်းမှု ဒုစရိုက်တွေကို ရှောင်ကြဉ်မှု အကျင့်တွေဖြစ်လာမှာနဲ့ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တလာပြီး ဒါန၊ သီလ၊ ဘာဝနာစတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လာကြမယ်ဆိုတဲ့ အကျိုးတရားကို မျှော်မှန်းပြီး ရှေ့ဆရာတော်ကြီးများက သြကာသ ဘုရားရှိခိုးမှာ ဆုတောင်းကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ သို့သော် ရပါလို၏ အရှင်ဘုရား ဆိုရုံနှင့်မရ။ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကိုကျင့်မှ ဆင်းရဲကင်းပြီး ချမ်းသာကိုရမယ်လို့ သတိပြုကြရမယ်။

မေး။ ။ ဆုတောင်းရုံနဲ့မရဘူးလို့ ဗုဒ္ဓကိုယ်တိုင် ဟောခဲ့တာ ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ တစ်နေ့မှာ ဘုရားရှင်ဟာ နာဠန္ဒမြို့ ပါဝါရိကာသူဌေး၏ ဥယျာဉ်မှာ သီတင်းသုံး နေပါတယ်။ ထိုအခါ အဘိဗန္ဓက၏သား ရွာသူကြီးက အချို့သော ဗြဟ္မဏတွေဟာ သေတဲ့အခါ နတ်ပြည်ရောက်အောင် လုပ်ပေးနိုင်တယ်လို့ သတင်းကြီးနေပါတယ်။ သူတို့ပြောတဲ့အတိုင်း သူတို့လုပ်ပေးနိုင်ပါ့မလားလို့ လျှောက်တော့ ဘုရားက ဥပမာပေးပြီး ဖြေတယ်။ ကျောက်တုံးကြီးကို ရေထဲပစ်ချပြီး “ဟဲ့ကျောက်တုံး ပေါ်စမ်း ပေါ်စမ်း”လို့ အမိန့်ပေးရုံနဲ့ ပေါ်ပါ့မလား၊ မပေါ်ဘူး၊ မြုပ်တဲ့သဘောရှိတဲ့ ကျောက်တုံးကတော့ မြုပ်မှာပဲ။ ထောပတ်အိုးကို ပင်လယ်ရေအောက် သွားခွဲပြီး “ထောပတ်တွေ ရေအောက်မှာပဲ မြုပ်နေရမယ်”လို့ အမိန့်ပေးနေလို့ကော ရမလား၊ မရဘူး။ ပေါ်တဲ့သဘောရှိတဲ့ ထောပတ်ကတော့ ပေါ်မှာပဲ။ ထိုနည်းတူပဲ ဒုဂ္ဂတိဘုံကို ရောက်စေမယ့် အကုသိုလ် ဒုစရိုက်တွေကို ပြုကျင့်သူဟာ သေရင် အပါယ်လေးပါးဘုံကို ရောက်မှာပဲ။ ဘယ်သူကမှ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်အောင် မတင်နိုင်ဘူး။ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်စေမယ့် ဒါန၊ သီလ၊ ဘာဝနာ တရားတွေကို အားထုတ်ဖြည့်ကျင့်ထားတဲ့ ပုဂ္ဂိုလ်သေရင် နတ်ပြည်၊ ဗြဟ္မာပြည် ရောက်မှာပဲ။ ဘယ်သူကမှ အပါယ်ရောက်အောင် တွန်းမချနိုင်ဘူးလို့ ဟောပါတယ်။

မေး။ ။ ကုသိုလ်ကောင်းမှုပြုပြီး ဆုမတောင်းရင် ဖြစ်ပါသလား။

ဖြေ။ ။ ကုသိုလ်ကောင်းမှုပြုပြီး ဆုမတောင်းရင် ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်က ကောင်းတဲ့အကျိုးကို ပေးမှာအမှန်ပဲ။ ဒါပေမယ့် ဆုမတောင်းထားတဲ့အတွက် တစ်ဘုံဘုံမှာ ချမ်းသာတစ်ခုခုကို ပေးပါလိမ့်မယ်။ ကုသိုလ်ကောင်းမှု ပြုပြီးရင် ဆုတောင်းတာက ပိုကောင်းပါတယ်။ ဥပရိပဏ္ဏာသ အဋ္ဌကထာမှာ ပြဆိုတာက “ကောင်းမှုပြပြီးရင် ဆုတောင်းမှ ဖြစ်ချင်တဲ့ဘုံမှာ လိုချင်တဲ့ချမ်းသာကို ရနိုင်တယ်။ ဆုမတောင်းရင် ဒီကုသိုလ်ကြောင့် ဘာဖြစ်မယ်လို့ မသေချာဘူး (ကတိမမြဲဘူး)။ လိုချင်တာတွေ ဆုတောင်းပြီး ကုသိုလ်ကောင်းမှုကို လက်တွေ့မလုပ်ပြန်ရင်လဲ တောင်းတဲ့အတိုင်း မရဘူး။ ဒါကြောင့် ကုသိုလ်ကောင်းမှုလဲ ပြုကြပါ။ ကုသိုလ်ပြုပြီးရင်လဲ မိမိလိုရာဆုကို တောင်းကြပါလို့ တိုက်တွန်းထားပါတယ်။ ဒီ ဥပရိဏ္ဏာသ အဋ္ဌကထာ တိုက်တွန်းချက်ဟာ ဗုဒ္ဓဘာသာဝင်တိုင်း သတိပြုသင့်တဲ့ အချက်ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုလဲ ပြုကြပါ။ ဆုလဲ တောင်းကြပါ။

မေး။ ။ ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးကို ရမယ်ဆိုပြီး ကုသိုလ်တစ်ခုခုပြုပြီး ဘာဖြစ်လို့ ဆုတောင်းနေကြသလဲ။ ဆုတောင်းတာ အပိုဖြစ်မနေဘူးလား။ ဆုတောင်းဖို့ လိုပါသေးသလား။

ဖြေ။ ။ ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးရင် ဆုတောင်းဖို့ လိုတာလဲရှိတယ်။ မလိုတာလဲ ရှိတယ်။ အဘိဓမ္မာသဘောအရ ကုသိုလ်တရားကို ၂၁-မျိုး ခွဲတယ်။ ကာမာဝစရကုသိုလ်က (၈)မျိုး၊ မဟဂ္ဂုတ်ကုသိုလ်က (၉)မျိုး၊ မဂ်ကုသိုလ်က (၄)မျိုး ဖြစ်တယ်။ မဟဂ္ဂုတ်စျာန်ကုသိုလ် ၉-မျိုးကို ပြုလုပ်ရရှိသူဟာ ဆုတောင်းနေစရာ မလိုဘူး။ သေရင် ဗြဟ္မာ့ဘုံ ၂၀ မှာ စျာန်ချမ်းသာကို ခံစားရမယ်။ ပထမစျာန်ကုသိုလ်ရသူက ပထမစျာန်ဗြဟ္မာ့ဘုံ၊ စတုတ္ထစျာန်ရတဲ့သူက စတုတ္ထစျာန် ဗြဟ္မာ့ဘုံမှာ စျာန်ချမ်းသာကို ခံစားရတယ်။ ဝိပဿနာကျင့်လို့ မဂ်ကုသိုလ် ၄-ပါးရတဲ့သူဟာလဲ ဖိုလ်ကုသိုလ် ၄-ပါး အကျိုးခံစားရမယ်။ သောတာပတ္တိမဂ် ကုသိုလ်ရတဲ့သူက သောတာပတ္တိဖိုလ်၊ အရဟတ္တမဂ် ရတဲ့သူက အရဟတ္တဖိုလ် အကျိုးခံစားတယ်။ ကာမာဝစရကုသိုလ် ၈-မျိုးကို ပြုလုပ်ထားတဲ့ သူကတော့ လူ့ဘုံနဲ့ နတ်ပြည် ၆ ထပ်လို့ ခေါ်တဲ့ ကာမသုဂတိ ၇ ဘုံမှာ လူချမ်းသာ နတ်ချမ်းသာကို ခံစားရတယ်။ ဒီလိုခံစားရတဲ့နေရာမှာ ဘယ်ကုသိုလ်ဟာ ဘယ်ဘုံမှာ ခံစားရမယ်လို့ ပိုင်းခြားကန့်သတ်မှု မရှိဘူး။ ကာမာဝစရကုသိုလ်တစ်ခုဟာ လူ့ဘုံ စတုမဟာရာဇ် တာဝတိံသာ စတဲ့ သုဂတိ ၇ ဘုံလုံးမှာ ဖြစ်နိုင်တယ်။ လူ့ဘဝတစ်ခုတည်းမှာလဲ လူချမ်းသာတွေက အမျိုးအစားအားဖြင့် မရေမတွက် နိုင်လောက်အောင် များပြားတယ်။ နတ်ပြည်မျာလဲ နတ်ချင်းတူပေမယ့် ချမ်းသာသုခ မတူကြဘူး။ ဘုံဘဝ ၇-ခုမှာ မရေမတွက်နိုင်တဲ့ သုခတွေ ရှိတဲ့အနက်ထဲက ယနေ့ ယခု ပြုရသော ကုသိုလ်ကောင်းမှု ကံကြောင့် ဘယ်ဘုံမှာ ဘယ်လို ချမ်းသာသုခတွေ ခံစား စံစားရပါလို၏လို့ တိကျတဲ့ ဘုံဌာနဲ့ တိကျတဲ့ချမ်းသာကို ထုတ်ဖော် ဆုတောင်းဖို့ လိုတယ်။ ဇောတိက သူဌေးအလောင်းဟာ ကုသိုလ်ပြုပြီး သူပိုင်တဲ့ပစ္စည်းကို သူမပေးဘဲ မြက်၊ ဝါးခြမ်းစိပ်မျှ မယူနိုင်ပါစေနှင့်ဟု ဆုတောင်းခဲ့လို့ ယခု ဇောတိကသူဌေး ဖြစ်တဲ့အခါ သူ့ပစ္စည်းတွေကို ဘယ်သူမှ ခိုးယူလို့ မရဘူး။ အဂ္ဂသာဝကဆု၊ ဧတဒဂ်ဆုတွေကို အတိတ်ဘဝက တောင်းခဲ့ကြတဲ့အတွက် ယခုဘုရားရှင်လက်ထက်မှာ တောင်းတဲ့ဆုနဲ့ ပြည့်စုံကြတာဟာ ပိဋကတ်တော်မှာ နေရာအများ တွေ့နိုင်တယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခု ပြုပြီးရင် မိမိလိုတဲ့ဆုကို တောင်းသင့်တယ်လို့ မှတ်ကြရမယ်။

ဒါန၊ သီလ စတဲ့ ကာမာဝစရကုသိုလ်ဟာ နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမယ့် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်နိုင်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဣဒံ မေ ပုညံ အာသာက္ခယံ ဝဟံ ဟောတု = ဤကောင်းမှုသည် နိဗ္ဗာန်ကို ပေးဆောင်နိုင်ပါစေသတည်း။ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု = ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်စေသတည်းလို့ ဆုတောင်းလေ့ ရှိကြတာ ဖြစ်တယ်။

ရှေ့မှာ ပြခဲ့သလို နိဗ္ဗာန်ကို ဆုတောင်းခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစားလိုစိတ်ဖြစ်ကာ ဝိပဿနာတရားတွေကို လက်တွေ့ကျင့်ကြံဖြစ်ဖို့ အထောက်အပံ့ဖြစ်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏၊ နိဗ္ဗာန် အထောက်အပံ့ ဖြစ်ရပါလို၏လို့တော့ ဆုတောင်းသင့်ပါတယ်။

မေး။ ။ အပါယ်လေးပါးဆိုတာ ဘာလဲ။

ဖြေ။ ။ အပါယ်လေးပါးဆိုတာ ကုသိုလ်ကောင်းမှုပြုဖို့ အခွင့်အခါမရ ချမ်းသာသုခမရှိတဲ့ -

ငရဲ

တိရစ္ဆာန်

ပြိတ္တာ

အသူရကယ်

လေးမျိုးကို ခေါ်တယ်။

မေး။ ။ ငရဲဆိုတာ ဘာလဲ။

ဖြေ။ ။ ငရဲဆိုတာ နိရိယပါဠိက နိရဲ၊ နရဲ၊ ငရဲလို့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ ပုဒ်ဖြစ်တယ်။ အကုသိုလ်ဒုစရိုက် ပြုတဲ့လူတွေ သေတဲ့အခါ ရောက်ရှိရတဲ့ ချမ်းသာသုခ လုံးဝမရှိ။ မီးတောက်မီးလျှံတွေ အမြဲလောင်ကျွမ်းနေတဲ့ ဒီကမ္ဘာမြေကြီးရဲ့အောက် ယူဇနာ တစ်သောင်းငါးထောင် အကွာမှာရှိတဲ့ သိဇ္ဇိုဝ်းငရဲ၊ ကာလာသုတ်ငရဲ၊ သံဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တာပနငရဲ၊ မဟာတာပနငရဲ၊ အဝီစိငရဲဆိုပြီး ငရဲကြီး ရှစ်ထပ်ရှိတယ်။ ငရဲကြီး တစ်ထပ် တစ်ထပ်မှာ ငရဲငယ် ၅-ထပ် ကာရံနေတယ်။

မေး။ ။ တိရစ္ဆာန်ဆိုတာ ဘာလဲ။

ဖြေ။ ။ တိရစ္ဆာန်ဆိုတာကတော့ ယခုမျက်မြင်ဖြစ်နေတဲ့ ငါး၊ လိပ်၊ ခွေး၊ နွား၊ ကြက်၊ ငှက် စတဲ့ တိရစ္ဆာန်အားလုံးကို ခေါ်တယ်။ တိရစ္ဆာန်ဘဝမှာ ချမ်းသာကင်းပုံကတော့ အများမျက်မြင်ပဲ ဖြစ်ပါတယ်။ တိရစ္ဆာန် ဖြစ်ရမှုကို အင်မတန် ကြောက်ဖို့ ကောင်းတယ်။

မေး။ ။ ပြိတ္တာဆိုတာ ဘာလဲ။

ဖြေ။ ။ တစ္ဆေ၊ မှင်စာ၊ သူရဲသဘက်၊ ဖုတ်ကောင်၊ ကျတ်ကောင်တွေကို ပြိတ္တာလို့ ခေါ်တယ်။ သုဿာန်၊ အိမ်ကြိုအိမ်ကြား စသည်မှာ ထမင်းဟင်းကျန်၊ တံတွေး၊ အံဖတ်၊ အပုပ်အစပ်တွေကို ရှာစားနေတဲ့ သတ္တဝတွေ ဖြစ်တယ်။

မေး။ ။ အသူရကာယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစား တစ်မျိုးပဲ။ လူတွေနဲ့ ဝေးကွာတဲ့ သမုဒ္ဒရာမြစ်ကမ်းမှာ နေကြတယ်။ သူတို့ရဲ့ အကုသိုလ်ကြောင့် ရေမသောက် အစာမစားရတဲ့ သတ္တဝါတွေ ဖြစ်တယ်။

မေး။ ။ ကပ်သုံးပါးဆိုတာ ဘာလဲ။

ဖြေ။ ။ ကပ်ဆိုတာ ပါဠိလို့ ကပ္ပကို မြန်မာလို ကပ်လို့ ခေါ်တယ်။ အကြီးအကျယ် ပျက်စီးခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီပျက်စီးခြင်း ကပ်သုံးမျိုးရှိတယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ သေနတ်၊ စိန်ပြောင်း၊ အမြောက်၊ ဗုံး၊ ဒုံးကျည်လက်နက်တွေကို ထိမှန်ပြီး လူအများ သေကြေနေကြတာကို သတ္တန္တရကပ် ဆိုက်တယ်လို့ ခေါ်ပါတယ်။ လက်နက်ထိမှန်၍ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ကျောက်ရောဂါ၊ ဝမ်းရောဂါ၊ ပုလိပ်ရောဂါစတဲ့ ရောဂါဆိုးကြီးတွေဟာ ရပ်ကွက်တစ်ကွက်၊ မြို့ရွာနယ်ပယ် တစ်ခု၊ တိုင်းပြည်တစ်ခုလုံးမှာ ကျရောက်ဖြစ်ပျက်ပြီး လူအများ သေကြေပျက်စီးရတာကို ရောဂန္တရကပ် ဆိုက်ရောက်တယ်လို့ ခေါ်ပါတယ်။ ရောဂါဆိုးတွေ ကျရောက်ပြီး လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

မိုးခေါင်၍ဖြစ်စေ၊ ရေကြီး၍ဖြစ်စေ၊ စစ်မက်ထူပြော၍ မစိုက်မပျိုးနိုင်သောကြောင့် ဖြစ်စေ၊ စိုက်ပျိုးပြီး စပါးသီးနှံများ ကြက်ငှက် ပိုးမွှား ဖျက်ဆီး၍ ဖြစ်စေ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းကို ဒုဗ္ဘိက္ခန္တရကပ် ဆိုက်တယ်လို့ ခေါ်တယ်။ ငတ်မွတ်ခေါင်းပါးလို့ လူအများ သေကြေပျက်စီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

မေး။ ။ ရပ်ပြစ်ရှစ်ပါးဆိုတာ ဘာလဲ။

ဖြေ။ ။ ရပ်ပြစ်ရှစ်ပါးဆိုတာက အပြစ်ရှိတဲ့ အရပ် (၈)ပါးကို ခေါ်တယ်။ ထိုအရပ်၊ ထိုဘဝ (၈)မျိုးသို့ ရောက်နေလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်အောင် တရားအားထုတ်ရန် အခွင့်အခါမရလို့ အပြစ်ရှိတဲ့အရပ်၊ အပြစ်ရှိတဲ့ ဘဝလို့ ဆိုရတယ်။ ပါဠိတော်မှာ အက္ခဏလို့ ခေါ်တယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်တဲ့ကလာ (ဒေသ)လို့ ဆိုလိုတယ်။

အပါယ်လေးပါး ရှိတဲ့အနက် အသူရကာယ်ကို ပြိတ္တာ အမျိုးအစားထဲ ထည့်ပြီး …

(၁) ငရဲ

(၂) တိရစ္ဆာန်

(၃) ပြိတ္တာ

(၄) အသညသတ်နဲ့ အရုပဗြဟ္မာဘုံ

(၅) သာသနာတော် မရောက်နိုင်တဲ့ နယ်စွန်နယ်ဖျား လူရိုင်းဒေသ

(၆) သာသနာကို မယုံကြည်တဲ့ မိစ္ဆာဒိဋ္ဌိ လူမျိုးဖြစ်ခြင်း

(၇) တရားတော်ကို နားလည်နိုင်သောဉာဏ် မရှိသူဖြစ်ခြင်း

(၈) ဘုရားမပွင့်တဲ့အခါ လူလာဖြစ်ခြင်း

အဲဒီ အရပ်ရှစ်မျိုးမှ ရောက်နေတဲ့ သတ္တဝါတွေဟာ တရားတော်ကို နာကြားခွင့်၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းတရားကို အားထုတ်ခွင့်မရတဲ့အတွက် ထိုဒေသတွေကို ရောက်မှာကို ဗုဒ္ဓဘာသာဝင်တွေ ကြောက်ကြတယ်။ ဒါကြောင့် ဒီသြကာသ ဆုတောင်းထဲမှာ ထည့်ပြီး ဆုတောင်းထားခြင်း ဖြစ်တယ်။

မေး။ ။ ရန်သူမျိုးငါးပါးဆိုတာ ဘာလဲ။

ဖြေ။ ။ (၁) ရေ၊ (၂) မီး၊ (၃) ခိုးသူ၊ (၄) အမွေခံသားဆိုး၊ (၅) မင်းဆိုး၊ ဤငါးမျိုးကို ရန်သူမျိုးငါးပါးလို့ ခေါ်တယ်။

မေး။ ။ ဝိပတ္တိတရားလေးပါးဆိုတာ ဘာလဲ။

ဖြေ။ ။

(၁) ကာလဝိပတ္တိ = မင်းဆိုးမင်းညစ် အုပ်စိုးသောခေတ်နှင့် ကြုံရခြင်း။

(၂) ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ ဖြစ်နေရခြင်း။

(၃) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ လက္ခဏာ ဖောက်ပြန်ချွတ်ယွင်းခြင်း။

(၄) ပယောဂဝိပတ္တိ = ကောင်းသောအမှုကိစ္စ၌ အားထုတ် လုံ့လမပြုခြင်းဟု ဝိပတ္တိ ခေါ် ဖောက်ပြန်ချွတ်ယွင်း ပျက်စီးမှုဟာ လေးမျိုးရှိတယ်။

မေး။ ။ ဗျသနတရား ငါးပါးဆိုတာ ဘာလဲ။

ဖြေ။ ။ ပျက်စီးဆုံးပါးခြင်းကို ဗျသနတရားလို့ ခေါ်တယ်။

(၁) ဉာတိဗျသန = ဆွေမျိုးများ ပျက်စီးခြင်း။

(၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။

(၃) ရောဂဗျသန = အနာရောဂါဖြစ်၍ ကျန်းမာမှု ပျက်စီးခြင်း။

(၄) ဒိဋ္ဌိဗျသန = မှားသောအယူကို ယူခြင်း။

(၅) သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း။

မေး။ ။ မဂ်တရားဆိုတာ ဘာလဲ။

ဖြေ။ ။ မဂ်တရားဆိုတာ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ၄-ပါးကိုလဲ ခေါ်တယ်။ အဲဒီလေးပါးကို လောကုတ္တရာကုသိုလ် ၄-ပါးလို့လဲ ခေါ်တယ်။ အဲဒီ မဂ်ကုသိုလ် ၄-ပါးရတဲ့ ပုဂ္ဂိုလ်ကို မဂ္ဂဋ္ဌာန်လေးယောက်လို့ ခေါ်တယ်။

မေး။ ။ ဖိုလ်တရားဆိုတာ ဘာလဲ။

ဖြေ။ ။ ဖိုလ်တရားဆိုတာ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် လေးပါးဖြစ်တယ်။ အဲဒီ ဖိုလ်လေးပါးကို ရနေတဲ့ ပုဂ္ဂိုလ်လေးယောက်ကို ဖလဋ္ဌာန်လေးယောက်လို့ ခေါ်တယ်။ တစ်ယောက်စီကိုတော့ အစဉ်အတိုင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ ခေါ်တယ်။

မေး။ ။ မဂ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို ပေါင်းလိုက်တော့ ဘယ်လိုခေါ်သလဲ။

ဖြေ။ ။ မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးကို ပေါင်းလိုက်တော့ လောကုတ္တရာစိတ် ၈-ပါးလို့ ခေါ်တယ်။ မဂ္ဂဋ္ဌာန်လေးယောက်၊ ဖလဋ္ဌာန်လေးယောက် ပေါင်း (၈)ယောက်ကို အရိယာပုဂ္ဂိုလ် ၈ ယောက်လို့လဲ ခေါ်တယ်။ အရိယာသံဃာ ၈-ပါးလို့လဲ ခေါ်တယ်။ ပရမတ္ထသံဃာ ၈-ပါးလို့လဲ ခေါ်တယ်။ သံဃာတော် ၈-ပါးလို့လဲ ခေါ်တယ်။ (သံဃံ သရဏံ ဂစ္ဆာမိမှာ သံဃအရ ဒီပရမတ္ထသံဃာ ၈-ပါးကို ယူရတယ်။)

မေး။ ။ နိဗ္ဗာန်တရားဆိုတာ ဘာလဲ။

ဖြေ။ ။ နိဗ္ဗာန်ဆိုတာ နိဗ္ဗာန = နိဝါနဆိုတဲ့ ပါဠိက ပြောင်းလာတဲ့ စကားဖြစ်တယ်။ နိ = ကင်းခြင်း မရှိဘူး + ဝါန = လိုချင်တပ်မက်မှု တဏှာ + နိဗ္ဗာန = လိုချင်တပ်မက်မှု တဏှာမရှိသဖြင့် ဆင်းရဲဒုက္ခလဲ မရှိတော့ဘဲ အေးငြိမ်းချမ်းသာမှုကို နိဗ္ဗာန်လို့ ခေါ်တယ်။ နိဗ္ဗာန်ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အမြတ်ထားကာ အလိုလားအပ်ဆုံးဖြစ်တဲ့ နောက်ဆုံးပန်းတိုင် ဖြစ်တယ်။

မေး။ ။ မဂ် ၄-ပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန် ပေါင်း ၉-မျိုးကို ဘယ်လိုခေါ်သလဲ။

ဖြေ။ ။ မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန် ပေါင်း ၉-မျိုးကို လောကုတ္တရာတရား ၉-မျိုးလို့ ခေါ်တယ်။ ဓမ္မ = တရားတော်လို့လဲ ခေါ်တယ်။ အဲဒီ ၉-မျိုးထဲကို ပိဋကတ်သုံးပုံ ပရိယတ္တိတစ်ပါး ထပ်ဖြည့်ပြီး ဓမ္မ = တရားတော် ၁၀-ပါးလို့လဲ ခေါ်တယ်။ (ဓမ္မံ သရဏံ ဂစ္ဆာမိမှာ ဓမ္မအရ ဒီတရား ၁၀-ပါးကို ယူရတယ်။)

မေး။ ။ လောကုတ္တရာကိုးပါးကို ဆုတောင်းယူလို့ မရ၊ ကျင့်ကြံအားထုတ်မှ ရတယ်ဆိုရင် ဘယ်တရားတွေကို အားထုတ်ရမလဲ။

ဖြေ။ ။ ရှေးဦးစွာ သီလဖြူစင်အောင် စောင့်ထိန်းရမယ်၊ ပြီးတော့ သမာဓိ တည်ကြည်အောင် သမထဘာဝနာကို အားထုတ်ရမယ်။ သမာဓိ အားကောင်းလာတဲ့အခါ ရုပ်နာမ်တရားတွေရဲ့ မမြဲမှု၊ ဆင်းရဲမှု၊ အစိုးမရမှုကို သုံးသပ်ဆင်ခြင်ကာ ဝိပဿနာ ဘာဝနာကို ပွားများရမယ်။ တရားအားထုတ်နည်း အကျယ်ကိုသိချင်ရင် ဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းတွေကို ဖတ်ရမယ်။ လက်တွေ့ တရားအားထုတ်ချင်ရင် ရိပ်သာတစ်ခုခုကို သွားပြီး ဆရာတော်ထံ ချဉ်းကပ်၍ ဇွဲလုံ့လကောင်းကောင်းနဲ့ အားထုတ်ကြရမယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆင့်သုံးဆင့်ကို အစဉ်အတိုင်း အားထုတ်သွားရင် မဂ်ဖိုလ်နိဗ္ဗာန် အကျိုးထူးကို ခံစားရမယ်။

မေး။ ။ လူတွေက သြကာသနဲ့ ရှိခိုးကန်တော့ပြီးတဲ့အခါ ဘုန်းတော်ကြီးများက ဆုပေးကြတယ်။ ဆုဟာ ပေးလို့ရပါသလား။

ဖြေ။ ။ ဆုတောင်းခန်းမှ ပြခဲ့တဲ့အတိုင်းပဲ ဆုဟာ တောင်းလို့မရသလို ဘုန်းတော်ကြီးများကလဲ ပေးလို့မရပါဘူး။ လူ နတ် နိဗ္ဗာန် သုံးတန်သော ကောင်းကျိုးတရားကို ရယူချင်တဲ့သူဟာ ထိုတရားတွေကို ရရာရကြောင်း ကောင်းမှုကုသိုလ်တွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှသာ ရမှာဖြစ်တယ်။

မေး။ ။ ဘုန်းကြီးတွေက ဆုပေးပေမယ့် ပေးတိုင်းမရဘူးဆိုရင် ဘာဖြစ်လို့ ဆုပေးတဲ့ အစဉ်အလာကို ရှေးဆရာတော်ကြီးများ တီထွင်ခဲ့ပါသလဲ။

ဖြေ။ ။ ဆုပေးတယ်ဆိုတဲ့ ဝေါဟာရက တွင်ကျယ်နေပေမယ့် အမှန်မှာတော့ ဆုပေးတာ မဟုတ်ပါဘူး။ ဒီလို ရတနာသုံးပါး ဆရာသမားတွေကို ရှိခိုးရတဲ့အတွက် ဒီအကျိုး-ဒီအကျိုးတွေကို ရနိုင်တယ်လို့ နည်းညွှန်လမ်းပြ ဟောပြောတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ရှိခိုးကန်တော့တဲ့ ပုဂ္ဂိုလ် တောင်းတဲ့ဆုတွေဟာ ပြည့်စုံပါစေလို့ ထပ်ဆင့် ဆန္ဒပြုပေးတာပဲ ဖြစ်တယ်။ တစ်နည်းအားဖြင့် တစ်စုံတစ်ရာကို ရချင်လုပ်ချင်နေတဲ့ ပုဂ္ဂိုလ်ကို လုပ်ဖြစ်သွားအောင် အားပေးတိုက်တွန်းတဲ့ သဘောပဲ ဖြစ်တယ်။

ဆုတောင်းခန်းမှာ ဆုဟာ တောင်းလို့ မရပေမယ့် တကယ်ရစေမယ့် လက်တွေ့ လုပ်ဆောင်မှုကို နှိုးဆော်ပေးသလို ဖြစ်လို့ ဆုတောင်းလိုက်တာလိုပဲ ဆုဟာ ပေးလို့မရပေမယ့် ဆုပေးခံရတဲ့ ပုဂ္ဂိုလ်က ဒီဆုတွေကို လိုချင်စိတ်ဖြစ်လာပြီး လက်တွေ့ လုပ်ဆောင်ချင်တဲ့ စိတ်ကို နှိုးဆွပေးရာ ရောက်တဲ့အတွက် ဒီနှိုးဆွချက်အရ လက်တွေ့ တကယ်လုပ်ဆောင် တကယ်အကျိုးရနိုင်တဲ့အတွက် ဆုဟာ ပေးသင့်ပါတယ်။ ဆုပေးမှုဟာ တိုက်ရိုက်အကျိုး မရစေပေမယ့် အခုလို သွယ်ဝိုက်တဲ့နည်းနဲ့ အကျိုးရစေတာကို မြော်မြင်ပြီး ရှေးဆရာတော်များက ဆုပေးတဲ့ အစဉ်အလာကို တီထွင်ထားခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ ဘုန်းကြီးက ဆုပေးပြီးတဲ့အခါ ပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို၏ အရှင်ဘုရားလို့ ဆိုတာကော ပြည့်စုံနိုင်ပါ့မလား။

ဖြေ။ ။ ဆုဟာ တောင်းလို့လဲမရ၊ ပေးလို့လဲ မရဘူးဆိုရင် ပေးတာကို ခံယူလို့လဲ ဘယ်ရမလဲ။ ဒါပေမယ့် အထက်မှာ ပြခဲ့တဲ့အတိုင်း ဆရာတော် ညွှန်ပြတဲ့အတိုင်း ကြိုးစားပါ့မယ်လို့ ဝန်ခံတဲ့သဘော မှတ်ယူပြီး ကြိုးစားရင် အကျိုးကို ဧကန်မုချရနိုင်ပါတယ်။

++++++++++++++++++++++++++++