စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၀၇

From Wikisource
Jump to navigation Jump to search
စန္ဒကုမာရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
ယဇ်တွင်းသို့ ဆောင်ယူသွားခြင်း

ထို့နောင်မှ ခဏ္ဍဟာလပုဏ္ဏားသည် “ဤဧကရာဇ်မင်းကြီးကား သားသမီးတို့ကို ချစ်မြတ်နိုးသောစိတ်ရှိ၏။ နတ်ပြည်သို့ရောက်ကြောင်း အကျင့်ဖြစ်သည် ဆိုသောကြောင့်သာ ယဇ်ပူဇော်မည် ကြံ၏။ ထို့ကြောင့် မင်းကြီးစိတ်သည် မမြဲ။ သားသမီးတို့တောင်းပန်လျှင် လွှတ်ပြန်၏။ တစ်ဖန် ငါဆိုပြန်လျှင်လည်း ဖမ်းယူစေပြန်၏။ တစ်ဖန် သားမယားတို့စကားကြောင့် မင်းကြီးလွှတ်ပြန်လေသော် ငါ၏အလိုအတိုင်း မပြီးရှိတော့မည်။ ယခုလျင်စွာ ထိုသူကို ယဇ်တွင်းသို့ ဆောင်အံ့”ဟုကြံပြီးသော် မင်းကြီးအား ယဇ်တွင်းသို့ သွားအံ့သောငှာ-

“သဗ္ဗရတနဿ ယညော ဥပက္ခဋော၊ ဧကရာဇ တဝ ပဋိယတ္တော။

အဘိနိက္ခမဿု ဒေဝ၊ သဂ္ဂံ ဂတော တွံ ပမောဒိဿသိ။”

ဟူသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား--

“ဧကရာဇ်မင်းကြီး။ ခပ်သိမ်းသောရတနာတို့ဖြင့် ယဇ်တွင်းကို အကျွန်ုပ် စီရင်၍ပြီးပြီ။ အရှင်မင်းကြီး။ တန်ဆာဆင်လျက် ထွက်တော်မူ၍ ယဇ်ပူဇော်တော်မူသဖြင့် နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုပြုပါ”ဟုဆို၏။

ထို့နောက်မှ ဧကရာဇ်မင်းသည် သားတော်အိမ်ရှေ့မင်း စသည်တို့ကိုဆောင်ယူ၍ ယဇ်တွင်းသို့ ထွက်ကြကုန်၏။ အိမ်ရှေ့မင်း၏ မယားကြီး, မယားငယ်, ရှုဖွယ်တင့်အပ် မြတ်သောမင်းသမီး ၇၀၀-တို့သည် ဆံပင်ဖြန့်ကြဲလျက် ငိုကြွေး၍လိုက်ကြကုန်၏။ တစ်ပါးသောမိန်းမတို့သည်လည်း ပြင်းစွာစိုးရိမ်ခြင်းဖြင့် နန္ဒဝန်ဥယျာဉ်သို့ထွက်ကုန်သော နတ်သမီးတို့ကဲ့သို့ ဆံပင်ဖြန့်ကြဲလျက် လက်တွဲယှဉ်မီ တိမ်းပီတိမ်ပါးဖြင့် မင်းသားများနောက်သို့ ငိုမြည်တမ်း၍ လိုက်ကြကုန်၏။

ထို၇၀၀-သောမယားတို့၏ ငိုမြည်တမ်းသောစကားကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည် “ကာသိကသုစိဝတ္ထဓရာ” အစရှိသော ဂါထာတို့ကို ဟောတော်မူ၏။

အဓိပ္ပာယ်ကား-

“ကာသိကတိုင်း၌ဖြစ်သော စင်ကြယ်စွာပုဆိုးကိုဝတ်လျက် ရွှေနားတောင်းဖြင့် ရောင်မောင်းရှုဖွယ် တင့်တယ်လှစွာ နံ့သာစန္ဒကူးတို့ကို လိမ်းကျံကုန်သည်ဖြစ်၍ စန္ဒကုမာရသူရိယကုမာရ မင်းသားတို့သည် ဧကရာဇ်မင်း၏ ယဇ်အလို့ငှာ ထွက်ခဲ့ကုန်ပြီ။”

“ကာသိကရာဇ်တိုင်းဖြစ်ပုဆိုး ထောင်တန်မျိုးနှင့် ညှိုးညှိုးငယ်ငယ် နုနယ်ပျိုထွား မင်းသားညီနောင် ရွှေတောင်အဆင်း ရွှေသည်းရင်းတို့သည် မိမိနှလုံး ယူကျုံးမရ သောကဖြစ်မှု ဆင်းရဲပြု၍ ယခု ထွက်တော်မူခဲ့ပြီ။”

“မြတ်သော သားဟင်းမျိုးအရသာ, သကာ, ထောပတ်, မြတ်သော ဘောဇဉ်တို့ကိုစားပြီး၍ စန္ဒကူးနံ့သာရည်ဖြင့် ရေချိုးပြီးသော် အကျော်,စန္ဒကူးလိမ်းကျံလျက် သန့်ရှင်းစွာသော ကာသိတိုင်းဖြစ်ပုဆိုးကို ဝတ်တော်မူကုန်၍ ရွှေနားတောင်းဖြင့် တန်ဆာဆင်လျက် စန္ဒကုမာရ၊ သူရိယကုမာရ မင်းသားညီနောင်တို့သည် ပြည်သူအပေါင်း စိုးရိမ်ကြောင်းကိုပြု၍ ယခုထွက်တော်မူခဲ့ပြီ။”

“မင်းသားညီနောင် ၂-ပါးတို့သည် ရှေးအခါမူ ထွက်သွားတော်မူလျှင် ဆင်ယာဉ် မြင်းယာဉ် ရထားယာဉ်ဖြင့် ယှဉ်မှီစီး၍ ရွှေထီးမိုးကာလျက် ထွက်စံတော်မူမြဲတည်း။ ယခုအခါကား မင်းသားညီနောင်တို့သည် ခြေကျင်သွားရခဲ့ပြီ။”

“ရှေးအခါမူ မင်းသားညီနောင်တို့သည် ရေသဘင်ကစား ထွက်သွားတော်မူလျှင် စစ်အင်္ဂါ၄-ပါး ရံတားဝင်းသင်း ရှေ့နောက်ခင်း၍ ကျင်းကျင်းပပ ထွက်တော်မူရကုန်၏။ ယခုမူကား မင်း၂-ပါးတို့သည် ခြေကျင် ထွက်တော်မူခဲ့ရပြီ။”

ဤသို့သည်းစွာ ငိုကြွေးမြည်တမ်းကြကုန်စဉ်လျှင် ဘုရားလောင်းကို မင်းပုဏ္ဏားတို့သည် မြို့မှ ထုတ်ဆောင်ကုန်၏။