စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၀၆

From Wikisource
Jump to navigation Jump to search
စန္ဒကုမာရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
မှူးမတ်သားမယားတို့ကို တောင်းပန်စေခြင်း

အိမ်ရှေ့မင်းသည် ဤမျှလောက်သောစကားဖြင့် ထင်ရှားသိသာစွာဆိုသော်လည်း ခမည်းတော် မနာယူရကား မင်းကြီးကို ခြံရံခစား၍နေကုန်သော မှူးမတ်ပရိသတ်တို့ကိုရည်၍ “ကထဉ္စ”အစရှိသောဂါထာကို ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“ပြည်အတွင်း၌ သားသမီးကို အလိုရှိသည်ဖြစ်၍ တောင့်တကုန်သော သူဌေးသူကြွယ်, မှူးမတ် အပေါင်းတို့သည်လည်းကောင်း၊ သူကြွယ်မ, အိမ်ရှင်မတို့သည်လည်းကောင်း “အရှင်မင်းကြီး၏ သားတော်တို့ကို သတ်တော်မမူပါလင့်”ဟု ခမည်းတော်မင်းကြီးကို အဘယ့်ကြောင့် မတောင်းပန်ကြပါသနည်း။ ငါသည် ခမည်းတော်မင်းကြီး အကျိုးတော်ကိုလည်း အလိုရှိ၏။ တိုင်းသားပြည်သူ လူအပေါင်းတို့၏အစီးအပွားကိုလည်း ငါဆောင်လေ့ရှိ၏။ တစ်စုံတစ်ယောက်သောသူနှင့်မျှ ခိုက်ရန် မဖြစ်စဖူး။ ထိုသို့ဖြစ်ပါလျက် ပြည်သူပြည်သား အပေါင်းတို့သည် မတောင်းပန်ပါကုန်”ဟု

မင်းသားဆိုသော်လည်း တစ်စုံတစ်ယောက်သောသူသည် တစ်ခွန်းသောစကားကိုမျှ မဆိုဝံ့။

ထို့နောင် အိမ်ရှေ့မင်းသည် မိမိမယား ၇၀၀-တို့ကို တောင်းပန်စေလိုပြန်၍ “အိမ်ကြီးဝန်ကို ရွက်ဆောင်နိုင်သော, လင်၏အလိုသို့လည်း လိုက်တတ်သော အိမ်ရှင်မတို့။ သင်တို့သည် ယခုသွား၍ ခမည်းတော်မင်းကြီးကိုလည်းကောင်း၊ ခဏ္ဍဟာလပုဏ္ဏားကိုလည်းကောင်း တောင်းပန်လျက် “ခြင်္သေ့မင်း၏ ရဲရင့်ခြင်းနှင့်တူသော, ပြည်ထဲရေးချမ်းသာ ပြည်သူတကာတို့၏ စီးပွားကိုလည်း ဆောင်တတ်သော မင်းသားတို့ကို အပြစ်မဲ့ သတ်တော်မမူလင့်” တောင်းပန်”ဟု စေ၏။

ထိုအခါ ၇၀၀-သောအိမ်ရှင်မတို့သည် မင်းသားစေတိုင်း သွား၍ တောင်းပန်ကုန်၏။ ထိုသို့ တောင်းပန်ကုန်သော်လည်း ဧကရာဇ်မင်းသည် မိမိချွေးမတို့ကို မော်လှည့်၍မျှ မကြည့်။ ထိုသို့ အကြိမ်ကြိမ်အဖန်ဖန် တောင်းပန်ပါသော်လည်း ခမည်းတော်မင်းကြီး မနာမယူနေလျှင် အိမ်ရှေ့မင်းလည်း ကိုးကွယ်ရာမရှိရကား ဤသို့ငိုကြွေး မြည်တမ်း၏။

“ယခု ငါသည် သားရေနယ်သမားအမျိုး, ပန်းမှိုက်သွန်အမျိုး, ကုန်သွယ်လယ်လုပ်အမျိုး အစရှိသော တစ်ပါးအမျိုး၌ဖြစ်ပါလေသော် အရှင်မင်းကြီးသည် ယဇ်အလို့ငှာ ငါတို့ကို မသတ်ရာ၊ ခတ္တိယအမျိုး, မင်းမျိုး၌ ဖြစ်ခြင်းကြောင့် ငါတို့ သေရအံ့”ဟုမြည်တမ်းလျက် တစ်ဖန် ၇၀၀-သော မယားတို့ကိုစေပြန်လိုရကား “အမှုကြီးစွာ ရေးရာရောက်လျှင် အတိုင်အပင်ခံတတ်သော အမတ်ကြီးသဖွယ်ဖြစ်သော အိမ်ရှင်မတို့။ သင်တို့ ယခုသွား၍ အရှင်ခဏ္ဍဟာလဆရာ၏ ခြေရင်း၌ဝပ်လျက် “ဆရာ။ အကျွန်ုပ်တို့သည် ပြစ်မှားမိသောအပြစ်ကို မမြင်,မသိပါ။ အကျွန်ုပ်တို့သည်လည်းကောင်း၊ အိမ်ရှေ့သခင် အရှင်မင်းသားသည်လည်းကောင်း ဆရာအား ပြစ်မှားမိသောအပြစ် ရှိချေသလော။ ဆရာကို အဘယ်သို့ ပြစ်မှားမိသနည်း” ဤသို့ဆို၍ တောင်းပန်ချေ”ဟုစေ၏။

ထိုအခါ အိမ်ရှေ့မင်း၏ နှမအငယ် “သေလာ”အမည်ရှိသောမင်းသမီးသည် မောင်တော်များကို သတ်အံ့စီရင်သော အခင်းအကျင်းကိုမြင်လျှင် ပူပန်စိုးရိမ်ခြင်း ပြင်းစွာနှိပ်စက်သည်ဖြစ်၍ ချုပ်တည်းခြင်းငှာ မတတ်နိုင်ရကား ခမည်းတော်မင်းကြီး ခြေရင်း၌ဝပ်လျက်၊ “ခမည်းတော်မင်းကြီး။ အကျွန်ုပ်၏ မောင်တော် ၄-ပါးကို နတ်ပြည်စံတော်မူလိုသောဖခင်သည် ယဇ်အလို့ငှာ သတ်မည် စီရင်ဘိ၏တကား။ မောင်တော် ၄-ပါးမရှိလျှင် တစ်မိသားချင်း အရင်းမဲ့ပြီး အထီးကျန်သော အကျွန်ုပ်၏ကိုးကွယ်ရာလျှင် အဘယ်မှာ ရပါအံ့နည်း”ဟု လူးလဲလျက် ငိုကြွေးမြည်တမ်း၏။ ထိုသို့ သေလာမင်းသမီး ငိုကြွေးမြည်တမ်းသော်လည်း မင်းကြီး နာယူတော်မမူ။

ထိုအခါ အိမ်ရှေ့မင်း၏သားတော် ဝသုလအမည်ရှိသောမင်းသားသည် ခမည်းတော်အိမ်ရှေ့မင်း၏ ဆင်းရဲခြင်းကိုမြင်၍ သည်းမခံနိုင်ရကား အဘိုးဖြစ်သောမင်းကြီးကို တောင်းပန်၍ “ငါ့အဖအသက်ကို ချမ်းသာစေအံ့”ဟု ကြံလျက် ဘိုးတော်ဧကရာဇ်မင်း၏ခြေရင်း၌ဝပ်၍ ဘယ်ပြောင်းညာပြန် ပူပန်ပြင်းစွာ လူးလဲလျက် “ဘိုးတော်မင်းကြီး။ အကျွန်ုပ်ခမည်းတော်ကို မသတ်ပါလင့်။ အကျွန်ုပ်သည် လိမ္မာလောက်သောအရွယ်သို့ မရောက်သေး။ နို့ရည်နံ့မပြယ် ငယ်ရွယ်လှပါသေး၏။ ငယ်ကတည်းက အဖမဲ့သား ဖြစ်ရပါတော့မည်။ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု တပြောင်းပြန်ပြန် လူးလဲ၍ ငိုကြွေးမြည်တမ်း၏။

ဧကရာဇ်မင်းကြီးသည် မြေးတော် ဝသုလမင်းသား မြည်တမ်းသောအသံကိုကြား၍ နှလုံးကွဲအံ့သကဲ့သို့ မျက်ရည်ယိုစီးလျက် သတို့သားဝသုလကို ရင်ခွင်၌ပိုက်ချီ၍ လည်ဖက်ပြီးလျှင် “ချစ်မြေး ဝသုလ။ မစိုးရိမ်လင့်။ သင့်အဖကို မသတ်ပြီ၊ သင့်အဖ ရှိ၏။ ဤသူပင်တည်း။ သင့်အဖနှင့် အတူနေလော့။ ငါဘိုးတော်မင်းကြီးသည် သင်ချစ်မြေး မြည်တမ်းသံကိုကြားလျှင် နှလုံးသားကို အပ်သွားထိသကဲ့သို့ မချိပူဆာ ပြင်းစွာဆင်းရဲလှ၏”ဟု မြေးတော်ကိုနှစ်သိမ့်စေပြီးလျှင် “ယခု သားတော်များကို လွှတ်စေ။ ယဇ်ပူဇော်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟုဆို၏။

ထိုစကားကို ခဏ္ဍဟာလပုဏ္ဏားကြားလျှင် “အရှင်မင်းကြီး။ “ဤယဇ်ပူဇော်ခြင်းကို ပြုနိုင်ခဲ၏။ ပြုသော်လည်း ဖြစ်ခဲ၏”ဟု ရှေးမဆွကပင် ဆိုသည်မဟုတ်ပါလော။ ထိုသို့လျက် ပူဇော်မည်စီရင်ပြီးမှ အဘယ့်ကြောင့် ဖျက်မည်ပြုပြန်သနည်း။ အရှင်မင်းကြီး။ အကြင်သူတို့သည် မိမိလည်း ပူဇော်၏။ သူတစ်ပါး ပူဇော်သည်ကိုလည်း သာဓုအနုမောဒနာ ခေါ်၏။ ဤသို့သောသူတို့သည် နတ်ပြည်သို့သာ သွားရကုန်၏”ဟု ဆိုပြန်၏။

မင်းမိုက်သည် ပုဏ္ဏားဆိုပြန်လျှင် တစ်ဖန် သားတော်တို့ကို ဖမ်းယူစေပြန်၏။