စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၀၅

From Wikisource
Jump to navigation Jump to search
စန္ဒကုမာရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
စန္ဒကုမာရမင်းသား တောင်းပန်ခြင်း

ထို့နောင် စန္ဒကုမာရမင်းသားသည် သတ်မည်စီရင်သော သူအပေါင်းတို့ကို သေဘေးမှလွတ်စိမ့်သောငှာ ခမည်းတော်မင်းအား လျှောက်ထားတောင်းပန်လိုရကား-

“မာ နော ဒေဝ အဝဓိ၊ ဒါသေ နော ဒေဟိ ခဏ္ဍဟာလဿ။

အပိ နိဂဠဗန္ဓကာပိ၊ ဟတ္ထီ အဿေ စ ပါလေမ။”

“မာ နော ဒေဝ အဝဓိ၊ ဒါသေ နော ဒေဟိ ခဏ္ဍဟာလဿ။

အပိ နိဂဠဗန္ဓကာပိ၊ ဟတ္ထီ ဆကဏာနိ ဥဇ္ဈေမ။”

“မာ နော ဒေဝ အဝဓိ၊ ဒါသေ နော ဒေဟိ ဒဏ္ဍဟာလဿ။

အပိ နိဂဠဗန္ဓကာပိ၊ အဿ ဆကဏာနိ ဥဇ္ဈေမ။”

“မာ နော ဒေဝ အဝဓိ၊ ဒါသေ နော ဒေဟိ ခဏ္ဍဟာလဿ။

ယဿ ဟောန္တိ တဝ ကာမာ၊ အပိ ရဋ္ဌာ ပဗ္ဗာဇိတာ။

ဘိက္ခာစရိယံ စရိဿာမ။”

ဟူသော ၄-ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“ခမည်းတော်မင်းကြီး... အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ အကျွန်ုပ်တို့ကို ကျွန်ပြု၍ ခဏ္ဍဟာလပုဏ္ဏားအား ပေးတော်မူလော့။ ထိုသို့မပြုမူ နွား, ခွေး စသည်တို့ကဲ့သို့ လည်တောက်ဆွဲ၍ ဆင်ထိန်း, မြင်းထိန်း ထည့်တော်မူပါလော့။ ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ ဆရာခဏ္ဍဟာလပုဏ္ဏားအား ကျွန်အဖြစ်ဖြင့် ပေးတော်မူပါလော့၊ ထိုသို့မပြုမူ အကျွန်ုပ်တို့ကို ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထားတော်မူပါလော့။ ထိုသို့ မပြုမူ ခဏ္ဍဟာလပုဏ္ဏား၏ အစေအပါး အကျွန်ုပ်တို့ ခံပါအံ့။ ထိုသို့မပြုမူ ပြည်မှမူလည်း နှင်ထုတ်တော်မူပါလော့။ ခွက် လက်စွဲ၍ တောင်းစားပါအံ့။ အကျွန်ုပ်တို့ကို အသက်ချမ်းသာ ပေးတော်မူပါ”ဟု လျှောက်တောင်းပန်၏။

ဧကရာဇ်မင်းသည် သားတော်အိမ်ရှေ့မင်း၏ အထူးထူးအပြားပြား သနားချစ်ခင်စဖွယ် အသွယ်သွယ်သောအကြောင်းဖြင့် လျှောက်တောင်းပန်သံကိုကြားလျှင် သား၏ချစ်ခြင်းဖြင့် နှလုံးကွဲအံ့သကဲ့သို့ဖြစ်၍ မျက်ရည်စီးယို ငိုကြွေးလျက် “ငါ့အသက်အတူ ကြည်ဖြူချစ်ခင် ကြင်နာသနားအပ်စွာသော ငါ၏သားတော်များကို အဘယ်သူသတ်ခြင်းငှာ ဝံ့အံ့နည်း။ နတ်ပြည်သို့ မရောက်လျှင်ရှိစေ။ ငါ၏သားတော်များကို မသတ်ပြီ”ဟု နှလုံးကျ၍ သာယာလှသောစကားဖြင့် “ငါ၏သားတော်တို့ အသက်ရှည်လိုသောကြောင့် သင်တို့ မြည်တမ်းငိုကြွေးသောအသံဖြင့် အသည်းအအူလန်မည့်နှယ် မခံမသာ ပူဆာအောင် သင်တို့ ပြုဘိ၏တကား။ သားကိုသတ်၍ ယဇ်ပူဇော်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ငါ့သားများကို လွှတ်စေ” ဆိုလျှင် မင်းသား, မင်းသမီးမှစ၍ ခပ်သိမ်းစုံ ၄-ခုစီသော သတ္တဝါတို့ကို လွှတ်စေ၏။

ခဏ္ဍဟာလပုဏ္ဏားသည်ကား ယဇ်တွင်း၌ စီရင်၍နေ၏။ ထိုအခါ ယောက်ျားတစ်ယောက်သည် “သားတော် သမီးတော်တို့ကို လွှတ်တော်မူပြီ”ဟု ကြားသိလျှင် လျင်စွာသွား၍ “ပုဏ္ဏားယုတ်, ပုဏ္ဏားကျယ်, ဟယ် ခဏ္ဍဟာလ။ ဧကရာဇ်မင်းမြတ်သည် သားတော်, သမီးတော်တို့ကို လွှတ်တော်မူပြီ။ နင့်သား, နင့်သမီး, နင့်မယားများကိုသတ်၍ နင့်သား, နင့်သမီး, နင့်မယား၏ လည်ချောင်းသွေးဖြင့် နင်သာ ယဇ်ပူဇော်လော့”ဟုဆို၏။

ထိုစကားကို ကြားလျှင် ခဏ္ဍဟာလပုဏ္ဏားသည် “မင်းကြီး။ အဘယ့်ကြောင့် ဤသို့ ပြုပြန်သနည်း”ဟု ကမ္ဘာပျက်မီးလောင်သကဲ့သို့ မျက်လုံးပြောင်တောင် မျက်မှောင်ကြုတ်ကြုတ် ပုပ်ညှိုးသမ်းမည်းသောမျက်နှာဖြင့် လျင်စွာထ၍ မင်းကြီးထံသို့ သွားပြီးသော်-

“ပုဗ္ဗေဝ ခေါသိ မေ ဝုတ္တော၊ ဒုက္ကရံ ဒုရဘိသမ္ဘဝဉ္စေတံ။

အထ နော ဥပက္ခဋဿ ယညဿ၊ ကသ္မာ ကရောသိ ဝိက္ခေပံ။”

“သဗ္ဗေ ဝဇန္တိ သုဂတိံ၊ ယေ ယဇန္တိ ယေပိ ယာဇေန္တိ။

ယေ စာပိ အနုမောဒန္တိ၊ ယဇန္တာနံ ဧဒိသံ မဟာယညံ။”

ဟူသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး... ယဇ်မစီရင်မီကပင် သင့်ကို ငါဆိုပါသည် မဟုတ်လော့။ “ဤယဇ်ပူဇော်ခြင်းကိုကား အလွန်ပြုနိုင်ခဲ၏။ ပြုသော်လည်း ဖြစ်ခဲ၏”ဟု ခက်ခဲသောအကြောင်းကို ပြောဆိုပါလျက် “စီရင်သာ စီရင်ပါ ပြုပါမည်”ဆို၍ စီရင်သည်ကို ဆောင်ရွက်ခြင်းကိစ္စ အကျိုးမဲ့ဖြစ်အောင် အဘယ့်ကြောင့် ရှေ့စကားအတိုင်းမတည် ယဇ်ပူဇော်ခြင်းကို ဖျက်တော်မူသနည်း။ အရှင်မင်းကြီး၊ ဤသို့သော ယဇ်ပူဇော်သောသူကို ထားဘိဦး။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကုန်သော သူတို့ပင်လျှင်လည်း နတ်ပြည်သို့ ရောက်ကြကုန်၏”ဟု ဆို၏။

အလွန်မိုက်လှစွာသော ဧကရာဇ်မင်းသည် အမျက်ရန်ငြိုးနိုင်ငံသို့လိုက်သော ပုဏ္ဏားစကားကို ကြားပြန်လျှင် သဘောဧကန် အမှန်ဟုတ်နိုးထင်မှတ်၍ သားတော်တို့ကို တစ်ဖန် ဖမ်းစေပြန်၏။

ထိုအခါ စန္ဒကုမာရမင်းသားသည် “ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို ချမ်းသာပေးပြီးမှ အဘယ့်ကြောင့် သတ်တော်မူပြန်အံ့နည်း။ ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မူလိုလျှင် ငယ်ငယ်ကပင် သတ်တော်မူပါတော့လော။ သဘောစုံမက် ရင်ထက်ပိုက်ယူ မွေးမြူခြင်းကိုပြု၍ ယခု ရှုသာတင့်တယ် အရွယ်ရောက်မှ မိဘပြည်သူ လူအပေါင်းတို့အား ပြစ်မှားတစိ မရှိစဖူးသောအကျွန်ုပ်တို့ကို အဘယ့်ကြောင့် သတ်တော်မူပါအံ့နည်း။”

“ခမည်းတော်မင်းကြီး... ဝတ်စားတန်ဆာဆင်ယင်၍ ဆင်ထက်, မြင်းထက်စီးနင်းလျက် တစ်ဘက်ရန်သူ ရည်တူမဝံ့ ကြောက်လန့်စေတတ်သော အကျွန်ုပ်တို့ရဲစွမ်းအင်ကို မျက်မှန်းထင်ထင် မြင်တော်မူပါသည် မဟုတ်လော။ ထိုသို့ ဆင်စီး, မြင်းစီး, စစ်ဆင် စီရင်ခွဲခြမ်း ရဲစွမ်းအင်အားနှင့်ပြည့်စုံသော အကျွန်ုပ်တို့ကို ယဇ်ပူဇော်ခြင်းငှာ သတ်တော်မမူပါလင့်။”

“ခမည်းတော်မင်းကြီး... ပစ္စန္တရစ်ဇနပုဒ်၌ လူမိုက်လူသွမ်းတို့ သောင်းကျန်းပုန်ကန် ရန်မီးထလျှင် လျင်စွာ ခမည်းတော်မင်းကြီး၏နှလုံးတော်မြတ် ချမ်းငြိမ်းအောင် စိုးရိမ်ကြောင့်ကြမဲ့ကို ပြုခြင်းသည် အကျွန်ုပ်မဟုတ်ပါလော။ ထိုသို့ စီးပွားတော်ကိုရှာတတ်သော သားတော်စစ်ကို အပြစ်မဲ့ဘဲ အဘယ့်ကြောင့် သတ်တော်မူပါအံ့နည်း။”

“ခမည်းတော်မင်းကြီး... ပညာကြီးသောလူကိုထား၍ ပညာမဲ့သော တိရစ္ဆာန်ဖြစ်လျက် ငှက်တို့သည် မြက်ကိုအသိုက်ပြု၍ နေကုန်သဖြင့် မိမိတို့သားကို သနားချစ်ခင် ကြင်နာပါသေး၏။ ထိုသို့ သားသမီးဟူသည်ကို ပညာမဲ့သော ငှက်တိရစ္ဆာန်တို့ပင်လျှင်လည်း ချစ်ခင်ပါလျက် ပညာမြော်မြင်နိုင်သော ခမည်းတော်မင်းကြီးသည် အကြောင်းမဲ့ အဘယ့်ကြောင့် အကျွန်ုပ်တို့ကို ယဇ်အလို့ငှာ သတ်တော်မူဘိအံ့နည်း။”

“ခမည်းတော်မင်းကြီး... ခဏ္ဍဟာလစကားကို ယုံတော်မမူပါလင့်။ ခဏ္ဍဟာလစကားကို ယုံတော်မူ၍ လက်ယာမျက်လုံး လက်ရုံးတော်နှင့်တူသော အကျွန်ုပ်တို့ကို သတ်ဖြတ်တော်မူလျှင် နောင်မကြာမြင့်မီ ခမည်းတော်မင်းကြီးကိုလည်း သတ်လတ္တံ့။”

“ခမည်းတော်မင်းကြီး... ရေမြေသေဌ်နင်း မင်းတို့သည် ပုဏ္ဏားတို့အား မြို့ရွာသင်းပင်း အဝတ်အစား စည်းစိမ်ချမ်းသာတို့ကိုပေး၍ ချီးမြှောက်ကုန်၏။ ထိုသာမဟုတ် အိမ်တိုင်းအိမ်တိုင်း ထမင်းဦးလည်း စားရကုန်၏။ ထိုသို့ ကျေးဇူးရှင်ဖြစ်လျက် များသောအားဖြင့် ပုဏ္ဏားတို့သည် ကျေးဇူးကိုမသိတတ် အခွင့်ရသည်ရှိသော် ပြစ်မှားတတ်၏။ ထို့ကြောင့် အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။”

“အကျွန်ုပ်တို့ကို ကျွန်ပြု၍ ခဏ္ဍဟာလပုဏ္ဏားအား ပေးတော်မူပါလော့။ ထိုသို့မပြုမူ ဆင်ထိန်း မြင်းထိန်း အပ်တော်မူပါလော့။ အရှင်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ ဆင်စာရိတ်, မြင်းစာထိုး, ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထားတော်မူပါလော့။ ထိုသို့မပြုမူ ပြည်မှမူလည်း နှင်ထုတ်တော်မူပါလော့။ ခွက်လက်စွဲလျက် တောင်းစား၍ အသက်မွေးပါကုန်အံ့” ဟုဆို၏။

ထိုအခါ ဧကရာဇ်မင်းကြီးသည် စန္ဒကုမာရမင်းသား မြည်တမ်းတောင်းပန်သောစကားကို ကြားပြန်လျှင် “ချစ်သားတို့။ အသက်ရှည်လိုသောကြောင့် မြည်တမ်းသော သင်တို့သည် ငါ့နှလုံးကို ယူကျုံးမရ ဒုက္ခရောက်အောင် ပြုဘိ၏။ ယဇ်ပူဇော်ခြင်း၌ အဘယ်အကျိုး ရှိအံ့နည်း။ ယခု ငါ့သားတော်များကို လွှတ်စေ”ဆို၍ တစ်ဖန်လွှတ်ပြန်၏။

ထိုအခါ မင်းချင်းတစ်ယောက်သည် ယဇ်တွင်းစီရင်ရာ ခဏ္ဍဟာလပုဏ္ဏားအထံသွား၍ “ကျေးဇူးသခင် အရှင်မမှတ် ယုတ်မြတ်မဟူ ငြူစူစောင်းမြောင်း မကောင်းပြစ်ရှာ မိုက်လှစွာဘိ တိတ္ထိအနွယ် ဟယ်..ခဏ္ဍဟာလပုဏ္ဏား။ နင့်သား, မယား၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရန် ယဇ်တွင်းကို စီရင်သလော။ ငါတို့သခင် အရှင်မင်းကြီးကား သားတော် သမီးတော်တို့ကို လွှတ်လိုက်တော်မူပြီ”ဟု ဆို၏။

ထိုစကားကို ခဏ္ဍဟာလပုဏ္ဏားကြားလျှင် ဒေါသမာန်ဖြင့် ပြင်းထန်လှစွာ မိစ္ဆာကျစ်ညစ် ဧကရာဇ်မင်းထံလာ၍ “အရှင်မင်းကြီး။ “ဤယဇ်ပူဇော်ခြင်းသည် အလွန်ပြုနိုင်ခဲ၏။ ပြုသော်လည်း ဖြစ်ခဲ၏”ဟု အထက်ကဆိုလျက် ဤသို့မစွမ်းနိုင်ဖြစ်လျှင် မစီရင်မီ ရှေးမဆွကပင် နေရပါမည်ကို စွမ်းနိုင်ကြောင်းဆို၍ စီရင်ပြီးမှ ယဇ်ပူဇော်ခြင်းကို ယခုအဘယ့်ကြောင့် ဖောက်ပြန် ဖျက်ဆီးတော်မူသနည်း။ ဧကရာဇ်မင်းကြီး။ အကြင်သူတို့သည် ယဇ်ပူဇော်ကုန်၏။ ထိုပူဇော်ကုန်သောသူတို့အား သာဓုအနုမောဒနာ ခေါ်ကုန်၏။ ထိုသူအပေါင်းတို့သည် နတ်ပြည်သို့သာ သွားရလေကုန်၏”ဟုဆိုလျှင် မင်းကြီးသည် သားတော်တို့ကို တစ်ဖန် ဖမ်းယူစေပြန်၏။

ထိုအခါ အိမ်ရှေ့မင်းသည် ခမည်းတော်မင်းကြီးကို သိစိမ့်သောငှာ “ယဒိ ကိရ ယဇိတွာ”အစရှိသော ဂါထာဖြင့် လျှောက်ပြန်၏။

အဓိပ္ပာယ်ကား-

“ခမည်းတော်မင်းကြီး... အကယ်၍ သား,သမီးဖြင့် ယဇ်ပူဇော်သောသူတို့သည် နတ်ပြည်သို့ ရောက်သည်ဟုဆိုသော ခဏ္ဍဟာလပုဏ္ဏားစကားမှန်လျှင် ခဏ္ဍဟာလပုဏ္ဏားသည် မိမိသား,မယားကိုသတ်၍ ရှေးဦးစွာ ပူဇော်ပါစေ။ ထို့နောက်မှ ခမည်းတော်မင်းကြီးသည် အကျွန်ုပ်တို့ကို သတ်တော်မူပါလော့။ ခမည်းတော်မင်းကြီး။ အကယ်၍ သားသမီးတို့ကိုသတ်၍ ယဇ်ပူဇော်သောသူတို့သည် သေလျှင် နတ်ပြည်သို့ ရောက်သည်မှန်မူ နတ်ပြည်သို့ရောက်ကြောင်း ခရီးကိုသိသော ခဏ္ဍဟာလသည် အဘယ့်ကြောင့် မိမိသားသမီးကို မသတ်သနည်း။ ထိုသို့သတ်သဖြင့် နတ်ပြည်သို့ရောက်သည်မှန်လျှင် အဘယ့်ကြောင့် မိမိကိုယ်ကိုလည်းကောင်း, မိမိအဆွေအမျိုးတို့ကိုလည်းကောင်း မသတ်စေသနည်း။ ခမည်းတော်မင်းကြီး။ သူတစ်ပါးကို သတ်ခြင်းတည်းဟူသောယဇ်ကို မိမိလည်း ပူဇော်အံ့။ သူတစ်ပါးတို့ကိုလည်း ပူဇော်စေအံ့။ သူတစ်ပါးတို့ ပူဇော်သည်ကိုမူလည်း ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုအံ့။ ထိုသူတို့လည်း ငရဲသို့ လားရကုန်၏။ အရှင်မင်းကြီး။ ဤခဏ္ဍလာဟ စီရင်သောအမှုသည် အကယ်၍ နတ်ပြည်သို့ရောက်ကြောင်း မှန်အံ့။ မိမိတို့ပုဏ္ဏားချင်းချင်းသတ်၍ ယဇ်ပူဇော်ရာ၏။ ထိုသို့ အချင်းချင်းသတ်၍ မိမိတို့ကိုယ်ကို ပူဇော်လတ်မူကား သူတစ်ပါးတို့ ယုံကြည်လောက်ပေ၏။ ထိုသို့ကား မပြု။ အရှင်မင်းကြီးတို့ကိုသာ စီရင်သော ပုဏ္ဏားစကားကို မယုံကြည်အပ်”ဟုဆို၏။