စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၀၄

From Wikisource
Jump to navigation Jump to search
စန္ဒကုမာရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
မင်းကြီး မယ်တော်ခမည်းတော်တို့အား တင်လျှောက်ခြင်း

ထိုအခါ အမတ်တို့သည် မင်းကြီးမယ်တော်ထံသွား၍ “အရှင်မ... သားတော်မင်းကြီးသည် မိမိ၏မိဖုရား, သားသမီးတို့ကိုသတ်၍ ယဇ်ပူဇော်တော်မူမည် ပြုဘိ၏”ဟု ကြားလျှောက်ကုန်၏။ ထိုစကားကို မင်းကြီးမယ်တော်ကြားလျှင် “သင်တို့ အသို့ ဆိုကြကုန်သနည်း”ဟု အသည်းလှိုက်၍ ရှိုက်ငင်ဗျာကြီးလျက် လက်အစုံဖြင့် ရင်အုံကိုခတ်၍ မရပ်မတည် မျက်ရည်စွတ်စို ငိုမြည်တမ်းလျက် သားတော်ဧကရာဇ်မင်းထံလာ၍ “ချစ်သား... ဤသို့သောယဇ်ကို ပူဇော်မည်ဆိုသည် မှန်၏လော”ဟု မေး၏။

“မယ်တော်... မှန်၏။ အကျွန်ုပ်သည် နတ်ပြည်သို့ လိုသည်ဖြစ်၍ ပြည်ကြီးဝန်ကိုဆောင်နိုင်သော, ဘုန်းပညာလက္ခဏာနှင့်ပြည့်စုံသော, နန်းညွန့်နန်းလျာ ရတနာမျက်ရစ် ချစ်လှစွာသော စန္ဒကုမာရကိုစင်လျက်လည်း ငဲ့ကွက်ခြင်း မရှိ။ သုဂတိချမ်းသာ နတ်ရွာရောက်ကြောင်း ကောင်းမှုပြုပါမည်။ ကြွင်းသည့် မိဖုရား, သားသမီး စသည်များမှာ ဆိုရာမရှိ၊ စွန့်အပ်လှတော့သည်။ ထိုသူအပေါင်းတို့၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့ သွားပါမည်”ဟုဆို၏။

မယ်တော်လည်း-

“မာ တံ ပုတ္တ သဒ္ဒဟေသိ၊ သုဂတိ ကိရ ဟောတိ ပုတ္တယညေန။

နိရယာ နေသော မဂ္ဂေါ၊ နေသော မဂ္ဂေါ ဟိ သဂ္ဂါနံ။”

“ဒါနာနိ ဒေဟိ ကောဏ္ဍည။ အဟိံသာ သဗ္ဗဘူတဘဗျာနံ။

ဧသ မဂ္ဂေါ သုဂတိယာ၊ န စ မဂ္ဂေါ ပုတ္တယညေန။”

ဟူသော ၂-ဂါထာတို့ဖြင့်ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“သူတစ်ပါးတို့ကို အပြစ်မဲ့ ညှဉ်းဆဲလေ့မရှိသော ကောဏ္ဍညအမျိုး၌ဖြစ်သော ချစ်သား... “သားကိုသတ်၍ ယစ်ပူဇော်သဖြင့် နတ်ပြည်သို့ရောက်၏”ဟုဆိုသော သူမိုက်တို့၏စကားကို ချစ်သား မယုံလင့်။ သူတစ်ပါးကို သတ်ခြင်းသည်ကား အပါယ်၄-ပါး လားကြောင်း မကောင်းသောသူယုတ်တို့၏ အကျင့်သာ ဖြစ်သည်။ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုမဟုတ်။ သူတစ်ပါးကို မသတ်မညှဉ်းဆဲမူ၍ အလှူပေးခြင်းသည် နတ်ရွာရောက်ကြောင်း ကောင်းမှုဖြစ်သည်”ဟု ဆို၏။

မင်းသည် မယ်တော်စကားကိုပယ်လို၍ “အာစရိယာနံ”အစရှိသော ဂါထာဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“မယ်တော်... ဤသို့မဆိုလင့်။ အကျွန်ုပ်ပြုသော ယခုအမှုသည် ကြံစည်တွေးတော၍ အတ္တနောမတိ ပြုသည်မဟုတ်။ ထုံးစံရှိသည်အတိုင်း ဆရာတို့ ပြညွှန်းစီရင်ပေသော စကားဖြစ်သည်။ မယ်တော် ချမ်းသာစွာသာနေ။ အကျွန်ုပ် သားတော်စန္ဒကုမာရ စသည်တို့ကိုသတ်၍ သူတစ်ပါးပြုနိုင်ခဲသော ယဇ်ပူဇော်ခြင်းဖြင့် နတ်ပြည်ရောက်ကြောင်း ကောင်းမှုပြုပါမည်”ဟုဆို၏။

ထိုအခါ မယ်တော်သည် မိမိစကားကို သားတော် မယူသည်ဖြစ်ရကား ငိုမြည်တမ်းလျက် ဖဲလေ၏။

ထို့နောင် ဧကရာဇ်မင်း၏ခမည်းတော် ဝသဝတ္တိမင်းသည် ထိုအကြောင်းကိုကြားသဖြင့် လာလတ်၍ “ချစ်သား။ သင်သည် သား၄-ယောက်တို့ဖြင့် ယဇ်ပူဇော်မည်ကြားသည်။ မှန်၏လော”ဟု မေး၏။

“ခမည်းတော်မင်း... မှန်ပါ၏။ အကျွန်ုပ်၏ လက်ယာမျက်လုံး လက်ရုံးသဖွယ် တင့်တယ်ပျိုနု ရှုမခန်း နန်းညွန့်နန်းလျာဖြစ်သော စန္ဒကုမာရကိုစင်လျက် ငဲ့ကွက်ခြင်းမရှိ သုဂတိချမ်းသာ နတ်ရွာရောက်ကြောင်း ကောင်းမှုပြုပါမည်၊ ကြွင်းသည့် သားသမီး စသည်များမှာ ဆိုရာမရှိ စွန့်အပ်လှတော့သည်။ ထိုသူအပေါင်း၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့သွားပါအံ့”ဟုဆို၏။

ခမည်းတော်လည်း “ချစ်သား ဧကရာဇ်မင်း။ သားကိုသတ်၍ ယဇ်ပူဇော်သဖြင့် နတ်ပြည်သို့ ရောက်အံ့သည်ဆိုသော သူမိုက်စကားကို ရွှေသားရင်နှစ် ဧကရာဇ်ပြည့်ရှင် မယုံနှင့်။ ဤယဇ်ပူဇော်ခြင်းသည်ကား အပါယ်၄-ပါး လားအံ့သောအကြောင်းသာ ဖြစ်သည်။ နတ်ရွာလားကြောင်း မဟုတ်။ ကောဏ္ဍညမျိုး မင်းရိုးမပျက် စဉ်ဆက်စိုးယူလျက် ပြည်သူတကာတို့၏ချမ်းသာကို ရှာလေ့ရှိသော ငါ့သားဧကရာဇ်။ နတ်ပြည်သို့ရောက်လိုမူ သူတစ်ပါးကို မသတ်, မညှဉ်းဆဲမူ၍ အလှူပေးလော့။ အလှူပေးခြင်းသည်သာ နတ်ရွာရောက်ကြောင်း ကောင်းမှုဖြစ်သည်”ဟု ဆို၏။

ဧကရာဇ်မင်းသည် “ခမည်းတော်မင်း... အကျွန်ုပ်ပြုသော အစီအရင်သည် တိုင်ပင်နှီးနှောခြင်း မရှိ၊ မိမိအယူနှင့်သာ ပြုသောအစီအရင် မဟုတ်ပါ။ သံသရာ, ပစ္စုပ္ပန် ၂-တန်သော အကျိုးအကြောင်း ကောင်းမကောင်း ရာ,မရာကို ပညာမြော်မြင်နိုင်သော ဆရာတို့၏စကားဖြင့် တရားရှိသည်ဟူ၍ စီရင်ပါသည်။ ပြည်သူပြည်သား သူတစ်ပါးတို့ပြုနိုင်ခဲသော သားသမီးတို့ဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့ သွားအံ့”ဟုဆို၏။

ထို့နောင် “ခတ္တိယမျိုး နန်းရိုးအစဉ် ကောဏ္ဍညအနွယ်ဖြစ်သော ငါ့သားဧကရာဇ်... သားသမီးစသည်ကို မညှဉ်းဆဲမူ၍ အလှူပေးလျက် အသက်ထက်ဆုံး သားအပေါင်းအခြံအရံနှင့်ပြည့်စုံစွာ ကာသိကရာဇ်တိုင်းသူ လူအပေါင်းကို အုပ်စိုးစောင့်ရှောက်လော့”ဟု ဆိုသော်လည်း သားတော်ဧကရာဇ် မနာမယူလို။