စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၀၁

From Wikisource
Jump to navigation Jump to search
စန္ဒကုမာရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
ခဏ္ဍဟာလပုဏ္ဏားကို တရားသူကြီးအရာမှ ချခြင်း

ရှေးလွန်လေပြီးသောအခါ ဤဗာရာဏသီပြည်သည် ပုပ္ဖဝတီ အမည်ရှိ၏။ ထိုပုပ္ဖဝတီပြည်၌ ဝသဝတ္တီမင်း၏သား ဧကရာဇ်အမည်ရှိသောမင်းသည် မင်းပြု၏။ ထိုဧကရာဇ်မင်း၏ သားတော်ကြီးကား “စန္ဒကုမာရ” အမည်ရှိ၏။ ထိုစန္ဒကုမာရမင်းသားအား အိမ်ရှေ့ပေးတော်မူ၏။ ခဏ္ဍဟာလအမည်ရှိသော ပုဏ္ဏားကား ပုရောဟိတ်တည်း။ ထိုခဏ္ဍဟာလပုဏ္ဏားကား ဧကရာဇ်မင်း၏ အကျိုးကိုလည်းကောင်း အကြောင်းကိုလည်းကောင်း အစဉ်ဆုံးမ၏။ ထိုခဏ္ဍဟာလပုဏ္ဏားကို ပညာရှိသောသူဟူ၍ တရားအဆုံးအဖြတ်ခံရာ လွှတ်သဘင်၌နေစေ၍ စီရင်ဆုံးဖြတ်စေ၏။ ထိုခဏ္ဍဟာလပုဏ္ဏားကား တံစိုးစားကြူး၏။ တံစိုးစား၍ တရားကိုဖြောင့်မတ်အောင် မစီရင်။ ဥစ္စာရှင်ကို ဥစ္စာရှင်မဟုတ်, ဥစ္စာရှင် မဟုတ်သောသူကို ဥစ္စာရှင်အဖြစ်ကို ပြု၏။

ထိုအခါ တစ်နေ့သ၌ တရားရှုံးသော ယောက်ျားတစ်ယောက်သည် တရားဆုံးဖြတ်ရာလွှတ်သဘင်မှ ကြွေးကြော်လျက် ထွက်လေ၏။ ထိုအခါ နန်းတော်သို့ဝင်သော စန္ဒကုမာရမင်းသားကိုမြင်လျှင် ပြေးလေ၍ ထိုအိမ်ရှေ့မင်း၏ခြေရင်း၌ ဝပ်လျက်ငိုကြွေး၏။ အိမ်ရှေ့မင်းသည် “အချင်းယောက်ျား။ အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု မေး၏။ “အရှင်မင်းသား။ တရားသူကြီး ခဏ္ဍဟာလပုဏ္ဏားသည် တရားဆုံးဖြတ်ရာ၌ တံစိုးစား၍ အကျွန်ုပ်ကို တရားမဟုတ်မမှန် အရှုံးစီရင်ဘိ၏”ဟုလျှောက်၏။

“အချင်းယောက်ျား။ ငါ ရှိ၏တကား။ ထိုသို့မှန်လျှင် မစိုးရိမ်လင့်”ဟု နှစ်သိမ့်စေ၍ တရားဆုံးဖြတ်ရာ လွှတ်သဘင်သို့ခေါ်ခဲ့သဖြင့် မြင့်သောတရားသူကြီးနေရာ၌ နေ၍၊ ထိုအမှုသည် ၂-ဦးတို့ကို စကားအချေအတင် တရားဝင်ဆိုစေပြီးလျှင် ဥစ္စာရှင်ကို ဥစ္စာရှင်, ဥစ္စာရှင်မဟုတ်သူကို မဟုတ်ဟု ဖြောင့်မှန်သည့်အတိုင်း ကောက်ယူဆုံးဖြတ် စီရင်တော်မူ၏။

ထိုတရားသဘင်၌ စည်းဝေးကုန်သော ပရိသတ်အပေါင်းတို့သည် “အိမ်ရှေ့မင်းသည် တရားကို ကောင်းစွာ ဆုံးဖြတ်စီရင်ပေ၏”ဟု ကြွေးကြော်အံ့ချီး ကောင်းချီးပေးကြကုန်၏။

ထိုအသံကို ဧကရာဇ်မင်းကြားလေ၍ “ဤအသံကား အဘယ်အသံနည်း”ဟု မေးတော်မူ၏။ မင်းချင်းတို့လည်း “အရှင်မင်းကြီး၏ သားတော်အိမ်ရှေ့မင်းသည် တရားသဘင်၌ တရားဆုံးဖြတ်သတည်း။ ထိုတရားဆုံးဖြတ်ရာ၌ ဤယခု ကြားတော်မူသောအသံကား တရားဖြောင့်မှန်စွာ ဆုံးဖြတ်ပေသောကြောင့် ပရိသတ်တို့ ကောင်းချီးပေးသောအသံ ဖြစ်ပါသည်”ဟု လျှောက်ကုန်၏။ ထိုစကားကို မင်းကြီးကြားတော်မူလျှင် အလွန် ဝမ်းမြောက်တော်မူလေသတည်း။

အိမ်ရှေ့မင်းလည်း တရားဆုံးဖြတ်ပြီးလျှင် နန်းတော်သို့ဝင်၍ ခမည်းတော်မင်းကြီးထံ တင့်အပ်သော အိမ်ရှေ့မင်းနေရာ၌ နေလျက်ခစား၏။

ထိုအခါ ဧကရာဇ်မင်းကြီးသည် “ချစ်သား။ သင် တစ်ခုသောတရားကို ဆုံးဖြတ်သည်ဟု ကြားသည်။ မှန်၏လော”ဟု မေးတော်မူ၏။ “ခမည်းတော်ဘုရား။ မှန်ပေ၏”ဟု လျှောက်၏။ “ချစ်သား။ ထိုသို့တပြီးကား ထိုနေ့မှစ၍ သင်သာ တရားဆုံးဖြတ်ရာ လွှတ်သဘင်သို့တက်၍ တရားဆုံးဖြတ်”ဟု တရားသူကြီးဟောင်း ခဏ္ဍဟာလကိုချ၍ အိမ်ရှေ့မင်းအား တရားသူကြီးအဖြစ်ကို ပေးတော်မူ၏။

ထိုနေ့မှစ၍ ခဏ္ဍဟာလပုဏ္ဏားအား လာဘ်ပူဇော်သက္ကာ ပဏ္ဏာကာရ ပြတ်၏။ ခဏ္ဍဟာလပုဏ္ဏားသည် ထိုနေ့မှစ၍ “အိမ်ရှေ့မင်းကြောင့်သာ ငါ့အား လာဘ်ပူဇော်သက္ကာရ ပြတ်၏”ဟု အိမ်ရှေ့မင်းအား ရန်ငြိုးဖွဲ့၍၊ “ဤသူကို အဘယ်သောအခါ အဘယ်သို့သောအကြောင်းဖြင့် နှိပ်စက်ရပါအံ့နည်း”ဟု နှိပ်စက်ဖျက်ဆီးရအံ့သောအခွင့်ကို ရှာစောင့်လျက်နေ၏။