ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဧကာဒသမအခန်း နိဗ္ဗာန်အကြောင်း
325699ကိုယ်ကျင့်အဘိဓမ္မာ — ဧကာဒသမအခန်း နိဗ္ဗာန်အကြောင်းအရှင်ဇနကာဘိဝံသ

နိဗ္ဗာန်အကြောင်း

နိဗ္ဗာန်အကြောင်းကို ရေးသားလျှင် ကြောင်းကျိုးစုံလင်အောင် ကျယ်ဝန်းစွာရေးမှ တာဝန်ကြေပေလိမ့်မည်။ ဤစာအုပ်၌ကား ထိုမျှလောက် ကျယ်ဝန်းရေးခွင့်မရ၊ “အနည်းငယ်မျှ မထိတထိ ရေးခြင်းထက် လုံးလုံး မရေးခြင်းက သင့်တော်သေး၏”ဟု သဘောရ၍ နိဗ္ဗာန်အကြောင်းကို (ရှေးရိုက် စာအုပ်များ၌) လျစ်လျူရှုခဲ့ပါသည်။ သို့သော် အထိုက်အလျောက်သိနှင့် ကြဘို့ရန် ၁၃၂၀-ခုရိုက် စာအုပ်၌ကား သဂြိုဟ်ဘာသာဋီ၌ ပါသော ဥပသမာနုဿတိ ခဏ်းကို ထည့်သွင်းပြလိုက်ပါသည်။

ဥပသမာနုဿတိ

နိဗ္ဗာန်၏ ချမ်းသာအေးမြ သန္တိသုခရှိပုံကို အဖန်ဖန် အောက်မေ့ခြင်းသည် ဥပသမာနုဿတိမည်၏၊ နိဗ္ဗာန်တရားကို ရုပ်ဝိသေသ နာမ်ဝိသေသဟုလည်းကောင်း, ခန္ဓာကိုယ်တွင်း၌ အနှစ်အမြုတေအလား မြဲခိုင်သော နိစ္စတရားရှိ၏၊ ရုပ်နာမ်တရားများ ချုပ်ပျောက်သောအခါ ထိုအနှစ်အမြုတေသာ အဖတ်တင်ရစ်၏၊ ထိုအနှစ် အမြုတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်တည်းဟုလည်းကောင်း, နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့် မရလျှင် အဘယ်မှာ ချမ်းသာဟု ဆိုနိုင်ပါအံ့နည်းဟုလည်းကောင်း, မိမိတို့ ထင်ရာ မြင်ရာ ပြောဆို ရေးသား ကြ၏၊ တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းကို ထိုအာရုံ ရရှိဖူးသူသာလျှင် ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်ရိုးရှိ သကဲ့သို့, နိဗ္ဗာန်၏ အကြောင်းကိုလည်း နိဗ္ဗာန်ရပြီးသော အရိယာတို့သာ ပိုင်နိုင်စွာ သိမြင်နိုင်ပေသည်၊ ယခု ပုထုဇဉ်တို့၏အတွေးဖြင့် လေးနက်သောနိဗ္ဗာန်ကို အမှန် မထိမိနိုင်ရာ၊ သို့သော် ကျမ်းဂန်လာ သာဓကယုတ္တိ ကို ချိန်ဆ၍ ဉာဏ်မြင်သမျှ ရေးပြပါဦးအံ့။

နိဗ္ဗာန်ဟူသည် စိတ် စေတသိက် ရုပ်ပရမတ်တို့မှ သီးခြားဖြစ်သော ပရမတ်တရားတည်း၊ ထို့ကြောင့် ရုပ် နာမ် သင်္ခါရနှင့် လုံးဝဆက်သွယ်ခြင်း မရှိရကား ရုပ်ဝိသေသ နာမ်ဝိသေသ မဟုတ်နိုင်ပါ၊ အဇ္စျတ္တ ဗဟိဒ္ဓနှစ်မျိုးတွင် "ဗဟိဒ္ဓါ ဓမ္မာ" ဟူသော မာတိကာပုဒ်အရတွင် ပါဝင်သော ဗဟိဒ္ဓတရားဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်း၌ အနှစ်အမြုတေအဖြစ်ဖြင့် တည်ရှိသော ဓာတ် တစ်မျိုးလည်း မဟုတ်နိုင်ပါ၊ နိဗ္ဗာန်သည် ပုဂ္ဂိုလ် သတ္တဝါကဲ့သို့ ခံစားတတ်သော တရားလည်း မဟုတ်, ရူပ သဒ္ဒစသည်အာရုံ ကာမဂုဏ်ကဲ့သို့ ခံစားအပ်သော တရားလည်း မဟုတ်ရကား နိဗ္ဗာန်၌ ဝေဒယိတသုခ မရှိသည်မှာ အမှန်ပင်တည်း၊ သို့သော် ဝေဒယိတသုခထက် အဆပေါင်းများစွာ သာလွန်သော သန္တိသုခသာ ရှိသည်မှာ အမှန်ပင်တည်း။

ချဲ့ဦးအံ့ –ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစား စံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ်ရအောင် ထူထောင်ရ၏၊ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြ သောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်သွား၍ သုခအကြွေးကို အတိုးနှင့် တကွ ဒုက္ခဖြင့် ဆပ်ကြရသည်မှာ တွေးမိတိုင်း ဝမ်းနည်းစရာကြီးပေတည်း၊ ထိုကဲ့သို့ ခံစားမှုသုခနှင့် မရောသော သန္တိသုခသဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်းသဘောပေတည်း၊ ထင်ရှားစေအံ့-လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် အားရပါးရ အိပ်ပျော် ၍နေစဉ် လောကီအာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ "အအိပ် ဖျက်ရမည်လား" ဟု ကြိမ်းဝါး မောင်းမဲမည်သာတည်း၊ ထိုသူ အိပ်နေစဉ် ခံစားမှု အထင်အရှား မရှိ၊ သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမှုကိုပင် ခံစားမှုသုခတွေထက် နှစ်သက်ပေသေးသည်၊ ထိုခံစားမှု မပါသော အိပ်ပျော်မှုသုခကိုပင် "အိပ်ရကောင်းလိုက်တာ" ဟု အမွှန်းတင်ကြသေး၏၊ ထို့ကြောင့် ရုပ် နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မှန်းဆသင့်တော့သည်။

ဆက်ဦးအံ့ –အနာဂါမ် ရဟန္တာအရှင်မြတ်တို့သည် ရုပ် နာမ်ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီး ကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ ကင်းဖို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူ ကြ၏၊ ထိုသမာပတ်အတွင်း၌ ခံစားမှု လုံးဝမရှိ, စိတ် စေတသိက်တည်းဟူသော နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ကြဘဲ ရပ်စဲနေခြင်းသာတည်း၊ ထိုကဲ့သို့ ရုပ်နာမ် အချို့တို့ ချုပ်ငြိမ်းနေခြင်းကိုပင် အင်မတန့် သုခကြီးဟု သဘောရ၍ နိရောဓသမာပတ်ကို ဝင်စားတော်မူကြပေသည်၊ ထို့ပြင်-အသညသတ် အရူပဗြဟ္မာ တို့၏ အဖြစ်သနစ်ကို စဉ်းစားပြန်လျှင်လည်း သန္တိသုခ၏ အေးမြငြိမ်းချမ်းပုံသည် ထင်ရှားပြန်၏၊ အသညသတ် ဗြဟ္မာတို့၌ နာမ်တရား မရှိ, ခံစားမှု မရှိ, ကမ္ဘာ(၅၀၀)ခန့်မျှ နာမ်တရားတို့မှာ ငြိမ်းချမ်းလျက် နေရ၏၊

အရူပဗြဟ္မာတို့၌ ရုပ်တရားတို့မှ အေးမြငြိမ်းချမ်းလျက်ရှိ၏၊ အထက်ဆုံး အရူပဗြဟ္မာ့သန္တာန်ဝယ် ဖြစ်ခွင့်ရှိ နေသော နာမ်တရားသည်ပင် အလွန်နည်းပါးလှချေပြီ၊ ရဟန္တာဖြစ်လျှင် မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ(၈), နေဝသညာနာသညာယတနဝိပါက်(၁), ကြိယာ(၁), အရဟတ္တဖိုလ်စိတ်(၁)အားဖြင့် ယှဉ်ဖက်စေတသိက် များနှင့်တကွ စိတ်ပေါင်း(၁၂)ပါးသာ ဖြစ်ခွင့်ရှိတော့၏၊ ထို(၁၂)ပါးလည်း တစ်ခုစီဖြစ်နေရကား ထိုရဟန္တာ ဗြဟ္မာကြီး၌ ထိုစိတ်ကလေးတစ်ခု နောက်ထပ်မဖြစ်လျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းရတော့၏။ ထိုအခါ "သန္တိသုခ" ခေါ်သော နိဗ္ဗာနဓာတ် တရားမြတ်သည် မုချဆတ်ဆတ် ထင်ရှားတော့လတ္တံ့၊

ထိုသန္တိသုခ နိဗ္ဗာနဓာတ်သည် ဘာမျှမရှိသော အဘာဝပညတ် မဟုတ်ပါ၊ အများဆိုင် ဘုံတရားကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိကြ၏၊ ထို့ကြောင့် အရိယာအရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြဗ် ထင်ရှားရှိစဉ် မိမိတို့နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စားတော်မူကြပေသည်၊ ထိုဖလသမာပတ် ဝင်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမှန်းလျက် စိတ်တမ်း၍ နေရ ခြင်းသည်ပင် အင်မတန်ချမ်းသာကြသတဲ့။ ထေရာ ထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါ နီးဝယ် ဥဒါန်းဂါထာများကို ကျူးကာ ကျူးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြပေသည်၊ ရဟန္တာ အရှင်မြတ်တို့၏ ရုပ်နာမ်စွန့်ကြပုံကို စဉ်းစားလျှင် ရုပ်နာမ်ကို ခင်မင်နေသော ငါတို့လို ပုထုဇဉ်များအတွက် ရှက်ဖွယ်ကြီးပါတကား။

သဒေဝကဿ လောကသာ, ဧတေ ဝေါ သုခသမ္မတာ၊
ယတ္တစေ တေ နိရုဇ္ဈန္တိ၊ တံ တေသံ ဒုက္ခသမ္မတံ။

သဒေဝကဿ၊ ဗြဟ္မာ သကြား, နတ် အများနှင့်တကွ ဖြစ်သော။ လောကဿ၊ ပုထုဇဉ်ဉာဏ်မြင်ပေတုံး တလောကလုံးသည်။ ဧတေ၊ ရူပ သဒ္ဒ စသည်အာရုံ ဤ ကာမဂုဏ်တို့ကို။ သုခသမ္မတာ၊ ချမ်းသာဘွယ်တောင်း အကောင်းဟု သမုတ်အပ်ကုန်ပြီ။ ယတ္ထ၊ အရိယာအများ, အလွန် လေးစား သည့် တရားမျက်ရှင် အကြင်သို့သော နိဗ္ဗာန်၌။ တေ၊ ရူပ သ စသည့် အာရုံ ဤ ကာမဂုဏ်တို့သည်။ နိရုဇ္ဈန္တိ၊ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရလေ ကုန်၏။ တံစ၊ ကာမဂုဏ် အားလုံး ပြုတ်ပြုတ်ပြုန်းလျက် ဆုံးရာအမှန် ထိုနိဗ္ဗာန် ကိုကား။ တေသံ၊ ထို ဉာဏ်မြင်ပေတုံး ပုထုဇဉ် အားလုံးတို့သည်။ ဒုက္ခသမ္မတံ၊ ခံစားဘွယ်အချက် ကင်းသည့် တွက်ကြောင့်, သက်သက်ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း။ [ဧတေဝေါ၌ ဝေါအတွက် အနက်မရှိ၊]

သုခံ ဒိဋ္ဌမရိယေဘိ သက္ကာယဿ နိရောဓနံ၊
ပစ္စနီကမိဒံ ဟောတိ သဗ္ဗလောကေန ပဿတံ။

သက္ကာယဿ၊ ပရမတ္ထအားဖြင့် ထင်ရှားဘိတောင်း, ခန္ဓာငါးပါး အပေါင်း၏။ နိရောဓနံ၊ ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော။ သုခံ၊ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို။ အရိယေဘိ၊ အရိယာအရှင် သူတော်စင် တို့သည်။ ဒိဋ္ဌံ၊ ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင် သိမြင်အပ်ပေပြီ။ ဣဒံ၊ များပုထုဇဉ် ဉာဏ်အမြင်ဖြင့် မမြင်နိုင်တန် ဤနိဗ္ဗာန်ကို။ ပဿတံ၊ တပ်အပ် ထင်ထင် ကိုယ်တိုင်မြင်သည့် အရှင်အပေါင်း သူတော်ကောင်းတို့မှာ။ သဗ္ဗ လောကေန၊ အဝိဇ္ဇာဖုံး, တဏှာတုံး အားလုံး လောက, ဟူသမျှနှင့်။ ပစ္စနီကံ ဟောတိ၊ ကျောချင်း ကပ်ယှဉ် ပြေးကြအင်သို့ အစဉ်ဆက်ဆက် ဆန့်ကျင်ဘက်အနေ, ဖြစ်ရလေတော့သတည်း။ သဠာယတနသံယုတ် ဒေဝဒဟဝဂ်။