အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၂

From Wikisource
Jump to navigation Jump to search
ကြေညာချက်အမှတ် ၁/၂၀၂၂  (2022) 
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ကြေညာချက်အမှတ် ၁/၂၀၂၂
၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

၁။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၀၉၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးတို့ကို အလေးထားဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ဖြစ်ပေါ် နေသည့် အခြေအနေများကို ခြုံငုံသုံးသပ်မှုများအရ ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် အလုံးစုံ ပျက်သုဉ်းရေးကိုဦးတည်ဆောင်ရွက်နေသည့်အခြေအနေများနှင့် လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အချို့တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများရှိနေသကဲ့သို့ နိုင်ငံအတွင်း မြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ ခန့်ထားရန် ကျန်ရှိနေသေးသည့် အခြေအနေများကြောင့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ အရ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေး နိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက် ပေးရန်လိုအပ်လျက်ရှိပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ အရ တင်ပြခဲ့သည်။

၂။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက်များအပေါ် ထောက်ခံဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ အပါအဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ နှင့် အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလအား ခြောက်လသက်တမ်း တိုးမြှင့်ကြောင်းကို တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

၃။ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တက်ရောက်ကြကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ပုံ
မြင့်ဆွေ
ယာယီသမ္မတ