အဏုမြူစွမ်းအင်ဥပဒေ

From Wikisource
Jump to navigation Jump to search
အဏုမြူစွမ်းအင်ဥပဒေ  (1998) 

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
အဏုမြူစွမ်းအင်ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၈/၉၈)
ရန်ကုန်မြို့၊ ၁၃၆၀ ပြည့်နှစ်၊ နယုန်လဆန်း ၁၄ ရက်
(၁၉၉၈ ခုနှစ်၊ ဇွန်လ ၈ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက် သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို အဏုမြူစွမ်းအင်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရ မည်-

(က) အဏုမြူစွမ်းအင် ဆိုသည်မှာ အက်တမ်ခေါ် အဏုမြူ၏အတွင်းပိုင်းဖြစ်သော နျူကလီးယပ် ပါဝင်သည့်ဖြစ်စဉ်တစ်မျိုးမျိုးမှ ရရှိသော စွမ်းအင်ကို ဆိုသည်။

(ခ) နျူကလီးယားပစ္စည်း ဆိုသည်မှာ အဏုမြူစွမ်းအင်ထုတ်ယူရရှိနိုင်သော ယူရေနီယမ် သို့မဟုတ် ပလူတိုနီယမ်ကို ဆိုသည်။ ယင်းစကားရပ်တွင် နျူကလီးယားပစ္စည်း ဖြစ်သည်ဟု ကောင်စီက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ကြေညာသည့် ပစ္စည်းလည်း ပါဝင်သည်။

(ဂ) ရေဒီယိုသတ္တိကြွပစ္စည်းဆိုသည်မှာ အဏုမြူ၏နျူကလီးယပ်မှ ယင်းထက်သေးငယ်သော အမှုန်တစ်မျိုးမျိုးကိုဖြစ်စေ၊ လှိုင်းတို လျှပ်စစ်သံလိုက်လှိုင်း ဖြစ်သော ဂါမာရောင်ခြည် သို့မဟုတ် အိပ်(စ်) ရောင်ခြည်ကိုဖြစ်စေ ထုတ်လွှတ်ရာတွင် ကောင်စီက သတ်မှတ်သော နှုန်းထက်ပို၍ ထုတ်လွှတ်သည့် ပစ္စည်းကို ဆိုသည်။ ယင်းစကားရပ်တွင် ရေဒီယိုသတ္တိကြွသော အိုင်ဆိုတုပ်လည်း ပါဝင်သည်။

(ဃ) ဖြာထွက်ရောင်ခြည် ဆိုသည်မှာ အဏုမြူ သို့မဟုတ် အဏုမြူထက်သေးငယ်သော အမှုန်များဖြစ်စေ၊ ဂါမာရောင်ခြည် သို့မဟုတ် အိပ်(စ်) ရောင်ခြည်ဖြစ်စေတစ်မျိုးမျိုး ဖြာထွက်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အသံလှိုင်း၊ ရေဒီယိုလှိုင်း၊ မိုက်ကရိုဝေ့၊ အနီအောက်ရောင်ခြည်နှင့် သာမန်အလင်းတို့ မပါဝင်။

(င) ရောင်ခြည်ထုတ်ကိရိယာ ဆိုသည်မှာ ဖြာထွက်ရောင်ခြည်ထုတ်လွှတ်နိုင်စွမ်းရှိသော ကိရိယာကို ဆိုသည်။ ယင်းစကားရပ်တွင် ကောင်စီက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ကြေညာသည့် ဖြာထွက်ရောင်ခြည်ထုတ်လွှတ်နိုင်စွမ်းရှိသော ကိရိယာလည်း ပါဝင်သည်။

(စ) ကောင်စီ ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၄ အရ ဖွဲ့စည်းသည့် အဏုမြူစွမ်းအင်ကောင်စီကိုဆိုသည်။

(ဆ) ဝန်ကြီးဌာန ဆိုသည်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ဆိုသည်။

(ဇ) ဦးစီးဌာန ဆိုသည်မှာ အဏုမြူစွမ်းအင်ဦးစီးဌာနကို ဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံအတွင်း အဏုမြူစွမ်းအင်အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်စေရန်၊

(ခ) နိုင်ငံအတွင်း အဏုမြူစွမ်းအင် အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊

(ဂ) လူနှင့် ပတ်ဝန်းကျင်တွင် အဏုမြူ ဖြာထွက်ရောင်ခြည် သက်ရောက်မှုကို ကာကွယ်ထိန်းသိမ်းရန်အ တွက် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်၊

(ဃ) အဏုမြူစွမ်းအင်နှင့် သက်ဆိုင်သည့် အသိပညာ၊ အတတ်ပညာများ တိုးတက်ရေးအတွက် ပြည်တွင်းပြည်ပရှိသုတေသနဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်။

အခန်း (၃)
အဏုမြူစွမ်းအင်ကောင်စီ ဖွဲ့စည်းခြင်း

၄။ ဝန်ကြီးဌာနသည်-

(က) အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်အောက်ပါပုဂ္ဂိုလ်များပါဝင်သောအဏုမြူစွမ်းအင်ကောင်စီကို ဖွဲ့စည်းရမည်-

(၁) ဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ဥက္ကဋ္ဌ)

(၂) သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများသို့မဟုတ် ဒုတိယဝန်ကြီးများ (အဖွဲ့ဝင်များ)

(၃) အဏုမြူစွမ်းအင်နှင့်သက်ဆိုင်သည့်အစိုးရဌာန၊အဖွဲ့အစည်းများမှအကြီးအကဲများ (အဖွဲ့ဝင်များ)

(၄) သင့်လျော်သည့်ပညာရှင်များ (အဖွဲ့ဝင်များ)

(၅) ညွှန်ကြားရေးမှူးချူပ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန (အဖွဲ့ဝင်)

(၆) ညွှန်ကြားရေးမှူးချူပ်၊ အဏုမြူစွမ်းအင်ဦးစီးဌာန အတွင်းရေးမှူး

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင်လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်နိုင်သည်။

၅။ အစိုးရဝန်ထမ်း မဟုတ်သောကောင်စီဝင်သည် ဝန်ကြီးဌာနကသတ်မှတ်သည့်ချီးမြှင့်ငွေကိုခံစားခွင့်ရှိ သည်။

အခန်း (၄)
ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၆။ ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အဏုမြူ စွမ်းအင်အသုံးပြုရာတွင် လိုအပ်သော ထိန်းချုပ်မှုများ ပြုလုပ်ရေးနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊

(ခ) အဏုမြူစွမ်းအင် ဆိုင်ရာ နှစ်တို နှစ်ရှည် စီမံကိန်းများကို ချမှတ်ခြင်း၊ ယင်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊

(ဂ) နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် စွန့်ပစ်ခြင်း နှင့် စပ်လျဉ်း၍ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊

(ဃ) နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာနှင့် စပ်လျဉ်း၍ လိုအပ်သော ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ စံနှင့်အညီ သတ်မှတ်ခြင်း၊

(င) နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို မှတ်ပုံတင် ခြင်းနှင့် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊

(စ) ပြည်တွင်း ပြည်ပရှိ အဏုမြူစွမ်းအင်ဆိုင်ရာ သုတေသနဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ခြင်း၊

(ဆ) အဏုမြူစွမ်းအင် အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စွန့်ပစ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊

(ဇ) အဏုမြူစွမ်းအင်နှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များ၊ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊

(ဈ) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် အဏုမြူစွမ်းအင်ဆိုင်ရာ ဘာသာရပ် များ သင်ကြားပို့ချခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ည) ပြည်သူလူထုအတွင်း အဏုမြူစွမ်းအင်ဆိုင်ရာအကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်းသည့် အသိ ပညာပြန့်ပွားရေးအတွက် လမ်းညွှန်ခြင်း။

အခန်း(၅)
ဝန်ကြီးဌာန၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၇။ ဝန်ကြီးဌာနသည်-

(က) မှတ်ပုံတင်ကြေး၊ မှတ်ပုံတင်လက်မှတ်သက်တမ်းနှင့် မှတ်ပုံတင်လက်မှတ် စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။

(ခ) လိုင်စင်ကြေး၊ လိုင်စင်သက်တမ်းနှင့် လိုင်စင် စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။

(ဂ) အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဏုမြူစွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုအတွက် အခကြေးငွေကို သတ်မှတ်ပေးရမည်။

၈။ ဝန်ကြီးဌာနသည်-

(က) နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာ စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ သင့်လျော်သည့် ဝန်ထမ်း များအား စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေးအပ်နိုင်သည်။

(ခ) ပုဒ်မခွဲ (က)အရ တာဝန်ပေးအပ်သည့် စစ်ဆေးရေးမှူး၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၉။ ဝန်ကြီးဌာနသည် ဤဥပဒေအရ ပြစ်မှုတွင် အကျုံးဝင်သည်ဟု ယုံကြည်ရသောမြေနေရာ၊ အဆောက်အအုံ၊ ယာဉ်၊ ရေယာဉ် သို့မဟုတ် လေယာဉ်ကို သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်ရှာဖွေရန် သင့်လျော် သည့် ပုဂ္ဂိုလ်များအား တာဝန်ပေးအပ်နိုင်သည်။

၁၀။ ဝန်ကြီးဌာနသည်-

(က) ဦးစီးဌာနက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုသတ်မှတ်ပေးရမည်။

(ခ) အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုအား ဤဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက် ခြင်းမှ ကင်းလွတ်ခွင့် ပြုနိုင်သည်။

အခန်း (၆)
ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

၁၁။ ဦးစီးဌာ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အဏုမြူစွမ်းအင်ကို လက်တွေ့အသုံးချခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ခ) ဓာတ်ခွဲခန်းအဆင့်တွင် အောင်မြင်ပြီးဖြစ်သော သုတေသနလုပ်ငန်းများကို ထုတ်လုပ်မှုအဆင့် ရောက်ရှိစေရန် အဆင့်မြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဂ) ပင်မဓာတ်ခွဲခန်းနှင့် တစ်ဆင့်ခံ ဓာတ်ခွဲခန်းများကို အသိ အမှတ်ပြုခြင်း၊ စစ်ဆေးခြင်း၊

(ဃ) ပြည်တွင်း ပြည်ပရှိ အဏုမြူစွမ်းအင်ဆိုင်ရာ သုတေသနဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်း၊

(င) အဏုမြူစွမ်းအင် အသုံးပြုရေးနှင့် အဏုမြူရောင်ခြည်ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊

(စ) အဏုမြူစွမ်းအင်ဆိုင်ရာ စက်ပစ္စည်း ကိရိယာများကို စစ်ဆေးစမ်းသပ်ခြင်း၊

(ဆ) ဆက်လက်သုံးစွဲရန် သို့မဟုတ် သိမ်းဆည်းထားရန် မသင့်သည့် နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ် ကိရိယာကို သတ်မှတ်ခြင်း၊

(ဇ) နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို-

(၁) လက်ဝယ်ထားရှိခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊

(၂) အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ လိုင်စင်ထုတ်ပေးခြင်း၊

(၃) ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ ကြိုတင်ခွင့်ပြုချက်ထုတ် ပေးခြင်း၊

(ဈ) ပြည်တွင်း ပြည်ပ အဏုမြူစွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ကျင်းပခြင်း၊ တက်ရောက်ခြင်း၊ ပညာရှင်ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊

(ည) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် အဏုမြူစွမ်းအင်ဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဋ) ပြည်သူလူထုအတွင်း အဏုမြူစွမ်းအင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်းသည့် အသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဌ) စစ်ဆေးရေးမှုး၏ လုပ်ငန်းတာဝန် ဆောင်ရွက်ချက်များကို ကြီးကြပ်ခြင်း၊

(ဍ) ကောင်စီနှင့် ဝန်ကြီးဌာနက သတ်မှတ်ပေးသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊ မိမိ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကို ကောင်စီနှင့် ဝန်ကြီးဌာနသို့တင်ပြခြင်း။

၁၂။ ဦးစီးဌာနသည် အဏုမြူစွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုအတွက် ဝန်ကြီးဌာနက သတ်မှတ်သည့် အခကြေးငွေ ရယူခွင့်ရှိသည်။

အခန်း (၇)
မှတ်ပုံတင်လက်မှတ်

၁၃။ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာတစ်မျိုးမျိုးကို လက်ဝယ်ထားရှိသူသည် အဆိုပါပစ္စည်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ် ရရှိရန် လက်ဝယ်ထားရှိ သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

၁၄။ ဦးစီးဌာနသည် ပုဒ်မ ၁၃ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင် လက်မှတ် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၁၅။ မှတ်ပုံတင်ကြေး၊ မှတ်ပုံတင်လက်မှတ် သက်တမ်းနှင့် မှတ်ပုံတင်လက်မှတ် စည်းကမ်းချက်များ သည် ဝန်ကြီးဌာနက သတ်မှတ်သည့် အတိုင်း ဖြစ်သည်။

၁၆။ မှတ်ပုံတင်လက်မှတ်ရရှိသူသည်-

(က)ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သောနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များကို လိုက်နာရမည်။

(ခ) ဤဥပဒေအရ ထိုက်သင့်သော အခကြေးငွေများကို သတ်မှတ်ချက်များနှင့်အညီ မြန်မာငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့်ဖြစ်စေ၊ မြန်မာငွေနှင့် နိုင်ငံခြားငွေနှစ်မျိုးလုံးဖြင့်ဖြစ်စေ ပေးဆောင်ရမည်။

အခန်း (၈)
လိုင်စင်

၁၇။ မှတ်ပုံတင် လက်မှတ်ရရှိသူသည် နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ် ကိရိယာကို အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းပြုလုပ်လိုပါက လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင်အညီ ဦးစီးဌာနသို့ လျှောက်ထားရ မည်။

၁၈။ ဦးစီးဌာနသည် ပုဒ်မ ၁၇ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး လိုင်စင်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၁၉။ လိုင်စင်ကြေး၊ လိုင်စင်သက်တမ်းနှင့် လိုင်စင်စည်းကမ်းချက်များသည် ဝန်ကြီးဌာနက သတ်မှတ်သည့်အတိုင်း ဖြစ်သည်။

၂၀။ လိုင်စင်ရရှိသူသည်-

(က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များကို လိုက်နာရမည်။

(ခ) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။

(ဂ) ဤဥပဒေအရ ထိုက်သင့်သော အခကြေးငွေများကို သတ်မှတ်ချက်များနှင့်အညီ မြန်မာငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့်ဖြစ်စေ၊ မြန်မာငွေနှင့် နိုင်ငံခြားငွေ နှစ်မျိုးလုံးဖြင့်ဖြစ်စေ ပေးဆောင်ရမည်။

အခန်း (၉)
ကြိုတင်ခွင့်ပြုချက်

၂၁။ နျူကလီးယားပစ္စည်း၊ ရေဒီယို သတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာ တစ်မျိုးမျိုးကို ပြည်တွင်းသို့ တင်သွင်းလိုသူ သို့မဟုတ် ပြည်ပသို့ တင်ပို့လိုသူသည် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ သွင်းကုန်ထုတ်ကုန်ပါမစ် သို့မဟုတ် လိုင်စင်မလျှောက်ထားမီ ကြိုတင်ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

၂၂။ ဦးစီးဌာနသည် ပုဒ်မ ၂၁ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ကြိုတင်ခွင့်ပြုချက်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၂၃။ သွင်းကုန်ထုတ်ကုန်ပါမစ် သို့မဟုတ် လိုင်စင် ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းသည် ဦးစီးဌာနက ထုတ်ပေးသည့် ကြိုတင်ခွင့်ပြုချက်နှင့် ညီညွတ်သော နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ် ကိရိယာကိုသာ ပြည်တွင်းသို့ တင်သွင်းခြင်းကိုဖြစ်စေ၊ ပြည်ပသို့ တင်ပို့ခြင်းကိုဖြစ်စေ ခွင့်ပြုနိုင်သည်။

အခန်း (၁၀)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၄။ ဦးစီးဌာနသည် ပုဒ်မ ၁၆ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော မှတ်ပုံတင်လက်မှတ် ရရှိသူကို ဖြစ်စေ၊ ပုဒ်မ ၂၀ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော လိုင်စင်ရရှိသူကို ဖြစ်စေ အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

(ခ) မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ပယ်ဖျက်ခြင်း။

၂၅။ (က) မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းခံရသူသည် ယင်းကာလကုန်ဆုံးသည့်အခါ မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ပြန်လည်ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်။

(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ပြန်လည် ထုတ်ပေးနိုင်သည်။

၂၆။ မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ရရှိသူသည် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင် ပယ်ဖျက်ခြင်းခံရပါက နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိ ယာနှင့် စပ်လျဉ်း၍ ဦးစီးဌာနက ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

အခန်း (၁၁)
အယူခံခြင်း

၂၇။ ဦးစီးဌာနကဤဥပဒေအရ ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။

၂၈။ ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

အခန်း (၁၂)
တားမြစ်ချက်များ

၂၉။ မည်သူမျှ ဤဥပဒေနှင့်အညီ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းမရှိလျှင်ဖြစ်စေ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းကို ဦးစီးဌာနက ငြင်းပယ်လျှင်ဖြစ်စေ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို လက်ဝယ်ထားရှိခြင်းမပြုရ။

၃၀။ မည်သူမျှ လိုင်စင်မရှိဘဲ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည် ထုတ်ကိရိယာကို အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။

၃၁။ မည်သူမျှ ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း မပြုရ။

၃၂။ မည်သူမျှ ဆက်လက်သုံးစွဲရန် သို့မဟုတ် သိမ်းဆည်းထားရန်မသင့်ဟု ဦးစီးဌာနက သတ်မှတ်ထား သည့် နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို လက်ဝယ်ထားခြင်း၊ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။

အခန်း (၁၃)
ပြစ်ဒဏ်များ

၃၃။ မည်သူမဆို ပုဒ်မ ၂၉ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရ လျှင် ထိုသူကို ထောင်ဒဏ် ၃နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၃၄။ မည်သူမဆို ပုဒ်မ ၃၀၊ ပုဒ်မ ၃၁ သို့မဟုတ် ပုဒ်မ ၃၂ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကိုလည်း ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

အခန်း (၁၄)
အထွေထွေ

၃၅။ ဦးစီးဌာနသည်-

(က) ကောင်စီ၏ကုန်ကျစရိတ်ကို ကျခံရမည်။

(ခ) ကောင်စီ၏ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပေးရမည်။

၃၆။ ဤဥပဒေအရ တရားစွဲဆိုသော ပြစ်မှုတွင် သက်သေခံပစ္စည်းဖြစ်သော နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာနှင့် စပ်လျဉ်း၍ အဏုမြူစွမ်းအင် ဦးစီးဌာန၏ ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် ယင်းပြစ်မှုအတွက် အပြီးသတ် သက်သေခံချက် ဖြစ်စေရမည်။

၃၇။ ဤဥပဒေအရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ကို ရယူရမည်။

၃၈။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန်မလွယ်ကူသောပစ္စည်းဖြစ်ပါက ယင်းပစ္စည်းကို မည်ကဲ့သို့ ထိန်းသိမ်းထား ကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲသည့် အမိန့်ချမှတ်ရမည်။

၃၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်-

(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ကောင်စီ၊ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနသည် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ