ဝေါဟာရလီနတ္ထဒီပနီ

From Wikisource
Jump to navigation Jump to search
ဝေါဟာရလီနတ္ထဒီပနီ (၁၈၃၁) 
by ဇေယသင်္ခယာ
သက္ကတဖြင့်ရေးထားသောစာလုံးများ ပါသည်

မူလမဂဓဘာသာ[edit]

သာ မာဂဓီ မူလဘာသာ၊ နရာယာယာဒိကကပ္ပိကာ။ ဗြဟ္မာနောစ ဿုတာလာပါ၊ သမ္ဗုဒ္ဓါစာပိ ဘာသရေ ဟု ရူပသိဒ္ဓိကျမ်းများ၌ ဆိုသည်။

အနက်ကား

ယာယ၊ အကြင်ဘာသာဖြင့်။ အာဒိကကပ္ပိကာ နရာစ၊ ကမ္ဘာဦးသူ လူတို့သည်၎င်း။ ဗြဟ္မာနောစ၊ ဗြဟ္မာတို့သည်၎င်း။ အဿုတာလာပါ၊ မိဘစကားကို မကြားဘူးသော သူငယ်တို့သည်၎င်း။ သမ္ဗုဒ္ဓါစာပိ၊ ဘုရားရှင်တို့သည်၎င်း။ ဘာသရေ၊ ပြောဟောတော်မူကုန်၏။ သာ၊ ထိုဘာသာသည်။ မာဂဓီမူလဘာသာ၊ မဂဓတိုင်းသားတို့ပြောဆိုသော အရင်းအစ မူလဘာသာတည်း။ ဤကားအနက်။

ထိုမှတပါး

မာတာ ဒမိလာ၊ ပိတာ အန္ဓကော

အစရှိသည်ဖြင့် ဝိဘင်းအဋ္ဌကထာ၊ သာရတ္ထသင်္ဂဟကျမ်းတို့၌ ဆိုသည်။ ထိုစကား၏ အဓိပ္ပာယ်အကျဉ်းကား အမိသည် ဒမိလအမျိုး၊ အဘသည် အန္ဓံကအမျိုး ဖြစ်အံ့၊ ထိုသူနှစ်ယောက်၏ သားသူငယ်သည် အကယ်၍ အမိစကားကို ရှေးဦးစွာကြားအံ့။ ဒမိလဘာသာကို ပြောဆိုလတ္တံ့။ အဘစကားကို ရှေးဦးစွာကြားအံ့။ အန္ဓကဘာသာကို ပြောဆိုလတ္တံ့။ မိဘနှစ်ဦးတို့၏စကားကို မကြားဘူးသည်ရှိသော် မဂဓဘာသာကို ပြောဆိုလတ္တံ့။ အကြင်သူငယ်သည် မြုိ့ရွာမဟုတ်သော တောကြီး၌ ဖွားမြင်အံ့။ အကြင်အရပ်၌ စကားပြောဆိုသူ မရှိ။ ထိုသူငယ်သည် မိမိ၏ဓမ္မတာသဘောအားဖြင့် စကားပြောဆိုသော် မဂဓဘာသာကို ပြောဆို၏ ဟူ၍ လာသည့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ ဝိဘင်း အဋ္ဌကထာ၊ သာရတ္ထသင်္ဂဟ၊ ရူပသိဒ္ဓိ သဒ္ဒါကျမ်း စသော ကျမ်းဂန်အရပ်ရပ် ထွက်ဆိုသည်ကို ထောက်သော် ဝိဝဋ္ဋဋ္ဌာယီကပ် နေလပေါ်သည်မှစ၍ ကမမ္ဘာဦးသူတို့ မဂဓဘာသာကို ပြောဆိုကြောင်း၊ ထိုမဂဓဘာသာသည် ဓမ္မတာသဘောဖြစ်ကြောင်းကို သိသာသည်။

ဤအရာ၌ မဂဓဘာသာဆိုကြောင်းလည်း ကမ္ဘာဦးကာလ ပြောဆိုကြသော မူလဘာသာကို ကာသိ၊ ကောသလ စသော အခြားသောတိုင်းပြည်သားတို့မှာ ကာလရှည်လျားသည့်အခါ မူလဘာသာ ရွေ့လျော၍ ကျီးသံမရောက် ကြက်သံမရောက် အောက်ကလိအာဆိုသကဲ့သို့ ဖြစ်ကြကုန်သတည်း။ မဂဓတိုင်းသားတိုမှာ မူလဘာသာ မရွေ့မလျော မကွယ်မပ ပြောဆိုခေါ်ဝေါ်ကြသောကြောင့် နောက်နှောင်းကာလ မဂဓဘာသာဟူ၍ သညာအထူး ဖြစ်ပြန်လေသည်ဟု ယူမှတ်ရမည်။

တကြောင်းမှာလည်း ဗာရာဏသီပြည်တွင် ဒိသံပတိမင်းကြီးသားတော် ရေဏုမင်းကြီးလက်ထက် အမိန့်တော်နှင့် သတ္တဘူ၊ ဗြဟ္မဒတ္တ အစရှိသော ညီတော်ခြောက်ပါးတို့အား ဘုရားအလောင်း မဟာဂေါဝိန္ဒဆရာသည် ဇမ္ဗူဒီပါကျွန်းတွင် ရေဏုမင်းကြီးစံနေသော တိုင်းပြည်ကို အလယ်ထား၍ တောင်မြောက်အလျား လှည်းဦးသဏ္ဌာန် ဒန္တပူရ၊ ကလိင်္ဂ အစရှိသော ခုနစ်ပြည်ထောင် ခုနစ်တိုင်းလျှင် ယူဇနာသုံးရာစီ ပိုင်းခြားခွဲဝေ၍ ပေးကြောင်းကို သုတ် မဟာဝါပါဠိတော်၊ ၎င်းအဋ္ဌကထာ မဟာဂေါဝိန္ဒသုတ်တွင် ထွက်ဆိုသည်။ ထို့ကြောင့် ရှေးကာလ မဂဓဘာသာတပါးကိုသာ ပြောဆိုကြသည်ကို တိုင်းပြည်ခြားနား ကွာဝေးကြသည်နှင့် တစတစ တနေ့တပါး ဘာသာစကား ကွဲပြားခြားနားကြလေသည်ယူသော်လည်း ယူသင့်သည်။

မဟာကပ်ဖြစ်သော ကမ္ဘာတွင် သံဝဋ္ဋ၊ သံဝဋ္ဋဋ္ဌာယီ၊ ဝိဝဋ္ဋ၊ ဝိဝဋ္ဋဋ္ဌာယီ ဟူ၍ အသင်္ချေယျကပ် လေးကပ် ရှိသည်။ ထိုလေးကပ်တို့တွင်

  1. ကမ္ဘာပျက်မိုး ရွာသည်မှစ၍ မီးလျှံစဲသည်တိုင်အောင် ပျက်ဆဲဖြစ်သောကာလသည် သံဝဋ္ဋကပ်၊
  2. မီးလျှံစဲသည်မှစ၍ ကမ္ဘာပြုမိုးရွာသည်တိုင်အောင် ပျက်ပြီးဖြစ်သောကာလသည် သံဝဋ္ဋဋ္ဌာယီကပ် မည်၏။
  3. ကမ္ဘာပြုမိုးရွာသည်မှစ၍ နေလပေါ်သည်တိုင်အောင် တည်ဆဲဖြစ်သောကာလသည် ဝိဝဋ္ဋကပ်၊
  4. နေလပေါ်သည်မှစ၍ ကမ္ဘာပြုမိုးရွာသည်တိုင်အောင်သောကာလသည် ဝိဝဋ္ဋဋ္ဌာယီကပ် မည်၏။

ဤအသင်္ချေယျလေးကပ်ကို ပေါင်းသော် မဟာကပ်ဟူသော ကမ္ဘာဖြစ်၏။ ဘဒ္ဒကမ္ဘာ ဝိဝဋ္ဋဋ္ဌာယီကပ်အစ တပေါင်းလပြည့်နေ့ နေ၊ လ စ၍ပေါ်သည်နှင့်တပြိုင်နက် မြင်းမိုရ်၊ သတ္တရဘန်၊ သီဒါ၊ သမုဒ္ဒရာ ၄၊စင်း၊ ကျွန်းကြီး ၄၊ကျွန်း၊ ကျွန်းငယ် ၂၀၀၀၊ ဟိမဝန္တာတော၊ မြစ်ကြီး အိုင်ကြီး စကြဝဠာ တောင်တို့သည် ဓမ္မတာအားဖြင့် မရှေးမနှောင်း တပေါင်းလပြည့်နေ့၌ တပြိုင်နက် ဖြစ်ကြကုန်သည်။ ထိုကစ၍ နေ့ ရက် လ နှစ် ဥတု ရတုတို့သည် ထင်ရှားဖြစ်ကုန်သည်။

ဝိဝဋ္ဋဋ္ဌာယီကပ်ဦး မဟာသမ္မတမင်းမှစ၍ အစ္စိမမင်းတိုင် နှစ်ကျိပ်ရှစ်ပါးသော မင်းတို့သည် သားတော် မြေးတော် မြစ်တော် အစဉ်အတိုင်း မင်းပြုတော်မူကြောင်း၊ ထိုမင်းတို့ အသက်အသင်္ချေနေကြောင်း၊ မလ္လတိုင်း ကုသဝတီ၊ မဂဓတိုင်း ရာဇဂဟ၊ ဝိဒေဟတိုင်း မိထိလာပြည်၌ ဖြစ်တော်မူကြောင်းကို ကျမ်းဂန်အရပ်ရပ် ထွက်ဆိုသည်။ ထိုကစ၍ မဟာသမ္မတမင်းကြီး သားတော် မြေးတော်တို့ မင်းစဉ်မင်းဆက်အတိုင်း အယုဇ္ဈပူရ ဗာရာဏသီ ကပိလ ဟတ္ထိပူရ ဧကစက္ခု ဝဇီရဝုတ္တိ မဓုရ အရိဋ္ဌပူရ ဣန္ဒပဋ္ဌ ဧကစက္ခု ကောသမ္ဗီ ကဏ္ဏဂေါစ္ဆ ရောဇန စမ္ပာ မိထိလာ ရာဇဂဟ တက္ကသီလ ကုသိနာရုံ မလိတ္တိယ မိထိလာ ဗာရာဏသီ ကပိလဝတ္ထု ကောလိယ ဒေဝဒဟ ဤသို့ ဆိုအပ်ခဲ့ပြီးသော တိုင်းကြီးပြည်ကြီးတို့တွင် အစဉ်အတိုင်း မင်းပြုတော်မူကြကုန်၏။

ကမ္ဘာဦးကာလ မဟာသမ္မတမင်းမှစ၍ ဘုရားအလောင်းတော် သိဒ္ဓတ္ထကုမာရတိုင်အောင် မင်းပေါင်း ၃၃၄၅၆၉ ယောက်သော မင်းတို့နောက် ငါတို့ မြန်မာတိုင်းပြည်တွင် တကောင်း သင်းတွဲ သရေခေတ္တရာ ပုဂံ မြင်စိုင်း ပင်းယ စစ်ကိုင်း အဝ ကုန်းဘောင် ဟူသော တိုင်းကြီးပြည်ကြီး ဖြစ်ထွန်းကြသည်။ အရိမဒ္ဒနာ ပေါက္ကာရာမ ဟူသော ပုဂံပြည်တွင် အနော်ရထာမင်းစောလက်ထက် သက္ကရာဇ် ၃၈၈ ခုတွင် ဓမ္မဒဿီ အမည်တော်ရှိသော ရှင်အရဟံ ရောက်သည့်နောက် သက္ကရာဇ် ၄၁၉ ခု သုဓမ္မဝတီ အမည်ရင်းရှိသော သထုံပြည်ကို လုပ်ကြံသိမ်းယူ၍ရသည်တွင် ဘုရားဟော ပိဋကတ်သုံးပုံ အစုံ ၃၀ ပါ၍ ရဟန်းသင်္ဃာတို့ စာသင်စာချ ဂန္ထဓူရ ဝိပဿနာဓူရ သာသနာတော် အလွန်စည်ပင်ပွင့်လင်းသည်။

ပရိယတ္တိ သာသနာစာပေကျမ်းမရောက်မီ မဂဓဘာသာ၊ နောက်ဖြစ်ထွန်းသော သက္ကဋဘာသာနှင့် ကမ္ဘာ့ဓမ္မတာ၊ ကမ္ဘာ့တန်ဆာ၊ အဋ္ဌာရသအတတ်မျိုး ၁၈ ပါးအဝင် ဗေဒင်ကျမ်း၊ ဓမ္မသတ်ကျမ်း၊ ဆေးကျမ်း၊ ဂဏန်းကျမ်း၊ နီတိကျမ်း၊ သဒ္ဒါကျမ်း၊ ပူရာဏ်ကျမ်း၊ ဆန်းကျမ်း၊ ဣတိဟာသ စသော ကျမ်းများသာရှိ၍ သင်္သကရိုဋ်ဘာသာဖြင့် မြန်မာလူမျိုးတို့ ဘွဲ့မည်နာမံ အခေါ်အဝေါ်ပြုကြကုန်သည် များ၏။

နောက်နောက်သောကာလ မဂဓဘာသာ၊ သက္ကဋဘာသာ၊ မြန်မာ့ဘာသာသုံးပါးနှင့် ရောထွေး၍ ခေါ်ဝေါ်ပြောဆို ရေးသားကြလေသည်။ ယခုထက်တိုင် ကမ္ဘာဦးကာလ ပြောဆိုကြသော မူလဘာသာ မတိမ်မမြုပ် မကွယ်မပ သုနာပရန္တ၊ တမ္ပဒီပ မြန်မာ့ဦးစွန်းဖြစ်သော တိုင်းကြီးပြည်ကြီးများတွင် စိုးစဉ်းအားဖြင့် ပြောဆိုခေါ်ဝေါ်ကြသော အခြင်းအရာစကားစုကို အစွမ်းရှိသည့်အလျောက် ဖေါ်ပြရေးသားစီရင်ပေအံ့။ ပဏ္ဍိတ်တဆူ ပြုလိုသူတို့ နည်းယူမှတ်သားကြစေသတည်း။

ယုံကြည်အပ်သော အတ္တနောမတိ[edit]

ယခင်ဆိုခဲ့သော ကျမ်းများသည် ကမ္ဘာ့တန်ဆာဖြစ်ကြောင်း အထောက်ယုတ္တိသက်သေမှာ လေးသင်္ချေနှင့်ကမ္ဘာတသိန်းထက် ပွင့်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားလက်ထက် အမြဝတီပြည်တွင် သုမေဓာရှင်ရသေ့သည် ဗေဒင်သုံးပုံ၊ ဣတိဟာသ စသောကျမ်းတို့ကို တတ်ကျွမ်းလေ့လာကြောင်းကို ဆိုသည်များနှင့် ထောက်ထား၍သိလေ။

အတ္တနောမတိ ကိဉ္စာပိ၊ ကထိတာ သဗ္ဗဒုဗ္ဗလာ။ တထာပိ နယမာဒါယ၊ ကထိတ္တာ အကောပိယာ။ 

အနက်ကား

သဗ္ဗဒုဗ္ဗလာ၊ အလုံးစုံသော အယူတို့အောက် အားနည်းသော။ အတ္တနောမတိ၊ မိမိအယူကို။ ကိဉ္စာပိကထိတာ၊ အကယ်၍ကား ဆိုအပ်၏ရှင့်။ တထာပိ၊ ထိုသို့ဆိုအပ်သော်လည်း။ နယံ၊ ရှေးဆရာတို့၏နည်းကို။ အာဒါယ၊ ယူ၍။ ကထိတ္တာ၊ ဆိုအပ်သည်၏အဖြစ်ကြောင့်။ အကောပိယာ၊ မဖျက်ဆီးအပ်။

ဟူ၍ သဒ္ဒနီတိကျမ်း၊ သုတ္တနိဒ္ဒေယကျမ်းများတွင် ဆိုသည်နှင့် ဆင်ခြင်၍ ပညာရှိတို့ နှလုံးသွင်းကြစေသတည်း။

ရှင်အရဟံရောက်သော နှစ်သက္ကရာဇ်ကို ရာဇဝင်ကြီး၊ ရာဇဝင်လတ်တို့တွင် မဆိုသည်ဖြစ်လျက် စစ်ကိုင်းမြို့ရှိ ရှင်ဖြူရှင်လှသမိုင်းတွင် သက္ကရာဇ် ၃၈၈ ခုရောက်ကြောင်းကို ဆိုသောကြောင့် ရေးမှတ်လိုက်သည်။

တောင်းပန်သူ အဘိယာစက[edit]

စတုတ္ထ ရတနာပူရရွှေမြို့ကြီးတည် မင်းတရားကြီးလက်ထက် ငယ်ရွယ်စဉ် သက္ကရာဇ် ၁၁၉၁ ခုနှစ် မှန်နန်းတော်ဦးတွင် မဟာရာဇဝင်တော်ကြီးကို ရေးသားစီရင်ဖက်ဖြစ်သော ပိဋကတ် ဗေဒင် ထုံးနည်း ပုံပြင် ရာဇဝင် ဆေးကျမ်း သမိုင်း ကျောက်စာ ပန်းရံ ပိသုကာအတတ်မျိုးတို့၌ ထိုးထွင်းနှိုက်နှဲကြံစည်မေးမြန်းလေ့ရှိသော သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ ဩတ္တပ္ပတည်းဟူသော သူတော်ကောင်းတရားရှိသော မင်းကြီး မင်းလှမဟာစည်သူဘွဲ့ခံ မကွေးဝန်ထောက်တော်မင်းက မြန်မာလူမျိုးတို့စကားကို အရင်းအမြစ်နှင့်တကွ ရေးသားစီရင်ပါမည့်အကြောင်းနှင့် တောင်းပန်တိုက်တွန်းသောကြောင့် ဤဝေါဟာရလီနတ္ထဒီပနီအမည်ရှိသော ကျမ်းကို ပြုစီရင်ပါသတည်း။

ရေ၊ မြေ၊ ကောင်းကင်တို့၏ ဝေါဟာရ[edit]

ရေ[edit]

သုနာပရန္တ တမ္ပဒီပ အစရှိသော တိုင်းကြီးပြည်ကြီးသားတို့၏ ရေဟူ၍ ခေါ်ဝေါ်ခြင်းကို အရင်းမူလရှာကြံသော် -

အဘိဓာန်ကျမ်းတွင်

အာပေါ ပယော ဇလံ ဝါရိ ပါနီယံ သလိလံ ဒကံ အဏ္ဏော နီရံ ဝနံ ဝါလံ တောယံ အမ္ဗု ဥဒကံ ကံ 

ဟူ၍ ရေပရိယာယ် ၁၅ ပါးကို ပြသည်။

အမရကောသ အဘိဓာန်ကျမ်းတွင်

အာပး ဝါရိ သလိလံ ကမလံ ဇလံ ပယး ကိလာလံ အမ္ဤတံ ဇီဝနံ ဘူဝနံ ဝနံ ကဗန္ဓံ ဥဒကံ ဒကံ ပါတး ပုသ္ကရံ သဗ္ဗ်တောမုခံ အမ္ဘော အဏ္ဏ် တောယံ ပါနီယံ နီရံ နာရက္ၑိရံ အမ္ဗု သမ္ဗုရံ မေဃပုပ္ဖံ ဃနရသော 

ဟူ၍ ရေပရိယာယ် ၂၇ ပါးကို အမရသီဟဆရာ ပြသည်။

ဥဒကဟူသောပုဒ်တွင်

ဥဒက ဒက က ဥဒ 

ဟူ၍ ၄ ပုဒ်ခွဲ၍ ရေပရိယာယ် ယူလေ။

သဒ္ဒနီတိတွင်

ပါနီယံ ဥဒကံ တောယံ၊ ဇလံ ပါတောစ အမ္ဗုစ။ ဒကံ ကံ သလိလံ ဝါရိ၊ အာပေါ အမ္ဘော ပပံပိစ။ နီရဉ္စ ကေပုကံ ပါနိ၊ အမတံ ဇလမေဝစ။ အာပေါ နာမာနိ ဧတာနိ၊ အာဂတာနိ တတော တတော။ 

ဟူ၍ ရေပရိယာယ် ၁၈ ပါး ပြသည်။ ထိုပရိယာယ်စုတို့တွင် မာဂဓဘာသာ ဝါရီဟူသောပုဒ်မှာ ဝါသဒ္ဒါကျေ ရီဟု ခေါ်ဝေါ်လိုသည်။

ဘာသာစကားတူ မြန်မာလူမျိုးအဝင်အပါ မဟာဝိဟိင်္ကတိုင်း ဓညဝတီပြည်သားတို့မှာ ရီဟူ၍ပင် ခေါ်ဝေါ်သည်။

ထို့ကြောင့် ရခိုင်ဥဂ္ဂါပျံဆို ရတုတွင်

အောက်အာကာပိ ဝါယောထိ၍ ရီ့ထက်ကားမြီ

ဟူ၍၎င်း၊

ရွှေပုထိုးဝယ် ဥပျိုးညောင်ရီ မသွန်းပြီလော 

ဟူ၍၎င်း စပ်ဆိုလေသည်။

ထိုစကားများနှင့်အညီ နေမိဘုံခန်းဆရာ အရှင်အဂ္ဂသမာဓိလည်း

အလှူမျိုးသန့် ပျိုးပင်ညွန့်ကို ဖြန့်ဖြန့်ချိချိ စိုက်ပျိုးမိက ရီ့နှယ်မခန်း ပန်းနှယ်မညှိုး 

ဟူ၍ စပ်ဆိုလေသည်။

ဘုန်းပဒေသာချီ လူတားတွင်လည်း

ရွှေမြူတာနှင့် သီလာကျောက်စီ ရွှေစေတီဝယ် ညောင်ရီသွန်းလောင်း အောင်မည့်ကြောင်း 

ဟု စပ်ဆိုသည်။

ရပ်ကြီးပြည်မသားတို့မှာ သီဟပတိကို သီဟပတေ့၊ ဇေယျပတိကို ဇေယျပတေ့ ရေးမှတ်ခေါ်ဝေါ်သကဲ့သို့ ဣသရကို ဧသရပြု၍ သဝေနှင့် ရေဟူ၍ ခေါ်ဝေါ်ပြောဆိုရေးသားကြသောကြောင့် ရေးထုံးတွင်လေသည်။ မူလဘာသာမှာ ဝါရိသဒ္ဒါပျက် ယူမှတ်ရမည်။

ဝါရိသဒ္ဒါ၏ ဝစနတ္ထအရ ဝိဂြိုဟ်မှာ

ဝါရယတိ နိန္နောနတမီတိ ဝါရိ။ ဝရ နိသေဓေ ဏိ။ ဝါရယတိ ပိပါသမီတိ ဝါ ဝါရိ။

ဟု အဘိဓာန်ဋီကာ ဖွင့်သည်။ အနက်ကား

နိန္နောနတံ၊ ရှိုင်းဝှမ်းနိမ့်ညွတ်ရာကို။ ဝါရယတိ၊ မြစ်တတ်၏။ ဣတိ၊ ကြောင့်။ ဝါရိ၊ ဝါရိမည်၏။ ဝရ၊ ဝရသဒ္ဒါသည်။ နိသေဓေ၊ တားမြစ်ခြင်းအနက်၌။ ဝတ္တတိ၊ ၏။ ဏိ၊ ဏိပစ္စည်းတည်း။ ဝါ၊ တနည်းကား။ ပိပါသံ၊ မွတ်သိပ်ခြင်းကို။ ဝါရယတိ၊ မြစ်တတ်၏။ ဣတိ၊ ကြောင့်။ ဝါရိ၊ ဝါရိမည်၏။ ဝရ၊ ဝရသဒ္ဒါသည်။ နိသေဓေ၊ တားမြစ်ခြင်းအနက်၌။ ဝတ္တတိ၊ ၏။ ဏိ၊ ဏိပစ္စည်းတည်း။ ဝါရသဒ္ဒါကား တားမြစ်ခြင်းအနက်ကို ရသည်။

မြေမညီသော် ရေနှင့်ညှိ၊ လူမညီသော် သေနှင့်ညှိ၊ သွေးမညီသော် ဆီနှင့်ညှိ ဆိုရိုးရှိသည့်အတိုင်း မြစ်တတ်ခြင်းအနက်ကို ဆင်ခြင်၍ယူ။

မဂဓဘာသာ ဝါရိဟူသော စကားပျက်၍ မြန်မာ့ဘာသာမှာ ရေခေါ်ဝေါ်ကြောင်းကို စီကုံးရေးသားသည်မှာ ကမ္ဘာဦးကာလနှင့် ယခုကာလ ကွာဝေးလှ၏၊ ဟုတ်ပါမည်လော သံသယရှိအံ့။ မဇ္ဈိမဒေသ သောဠသတိုင်းကြီးပြည်ကြီးများတွင် မဂဓဘာသာ များစွာကြွင်းကျန်ပြောဆိုသည်။ အာသံတိုင်း ဇူရဟတ်၊ ဂေါ်ရခေါင်၊ ရောင်ပွတ် စသော မြို့များမှာလည်း မဂဓစကား များစွာကြွင်းကျန်ပြောဆိုကြသည်။ ရာမညတိုင်း တလိုင်းသုံးရပ်၊ ယိုးဒယား၊ လင်းဇင်းများတွင်လည်း မဂဓဘာသာ ကြွင်းရာသမျှ ကြွင်းသေးသည်။ ဥပမာကား မြစ်ညာ ဗန်းမော်၊ ကောင်းတုံနှင့် ဟံသာဝတီ၊ တဂုံ၊ ဒလတို့သည် လူနေကွာဝေးကြသော်လည်း ရေတကြောတည်းဖြစ်သကဲ့သို့ ကမ္ဘာဦးကာလနှင့် ယခုကာလ ကွာဝေးကြသော်လည်း ပရံပရ ဝံသတန္တီ ပဝေဏီအားဖြင့် အစဉ်အဆက် မပျောက်မပျက် မကွယ်မဝ ဆင်းသက်ပြောဆိုခေါ်ဝေါ်ကြသည် ယူရမည်။

ထိုမှတပါး မြန်မာ့ဘာသာ ရေကိုပင် တံဟူ၍ ရှေးသူဟောင်းတို့ ခေါ်ဝေါ်ရေးသားကြသည်။ သမုဒ္ဒရာမြစ်ကြီးမြစ်ငယ်စသည်မှာ လှိုင်းတံပိုး၊ တံဆယ်တံပိုး၊ ရေကန်များမှာ တံလားရေပြွန်၊ လူတို့နေရာ အိမ်မိုးစသည်မှာ ရေစီးလျှောက်သွားရာ သစ်ကျင်းကို ရေတံလျှောက်၊ တံစက်ကြောင်း၊ မြစ်ငယ်ချောင်းလျှိုများမှာ တံတားရေကူး၊ တောင်ခြေကုန်းမြင့်များမှာ တံလည်းရေကျ ခေါ်ဝေါ်သည်။

တံရှောင်းရေပြင် ကြာဖက်တွင်၌ စိုင်းနှင်သိန္ဓော

ညောင်ရမ်းမင်းတရားရာဇဝင်တွင် တံဆည်တံတား များစွာပြုကြောင်း တက်နွှဲချောင်း ကျောက်စာမှာ

ကြောက်လိအံ့ဖွယ် တံဆယ်တံပိုး လှိုင်းတိုးမစဲ

ဟု စာစပ်ရှိသည်။

မြေဒူးမြို့နယ်တင် ရေကို ဆယ်တားသည်ဖြစ်၍ တံဆယ်ရွာ ခေါ်တွင်သည်များမှာလည်း ဒကံ တောယံ အမတံ သဒ္ဒါများ ရွေ့လျော၍ မြန်မာ့ဘာသာ တံရှူးဝါး တံမှတ်တိုင် ခေါ်ဝေါ်ရေးသားကြသည် ဆင်ခြင်။

သုဝဏ္ဏသျှံပျို့တွင်

ဝါလည်းဝါခေါင် ယဉ်ဘောင်လည်းမြောက် 
ဝါဆိုဝါခေါင် ယဉ်ဘောင်သစ်ဆင်း

ခုနှစ်ခွေလျှင်ချီ ရတုတွင်

စမ္ပါပန်းလောင် ယဉ်ဘောင်ထပ်ဆင်း

ဟု စပ်ဆိုသည်။ ယဉ်သဒ္ဒါမှာလည်း တောယံသဒ္ဒါပျက် ယူသင့်သည် ဆင်ခြင်။

၂၇၂။ မင်းစိုး[edit]

မြန်မာ့ဘာသာ မင်းစိုးဟု ခေါ်ဝေါ်ရေးသားကြသည်ကို ရှာကြံလျှင် -

အဘိဓာန်ကျမ်းတွင်

ရာဇာ ဘူပတိ ဘူပါလော ပတ္ထိဝေါ နရာဓိပေါ ဘူနာထော ဇဂတိပါလော ဒိသမ္ပတိ ဇနာဓိပေါ ရဋ္ဌဓိပေါ နရဒဝေါ ဘူမိပေါ ဘူဘုဇော

ဟူ၍ မင်းသာမန်ပရိယာယ် ၁၃ ပါး၊

ရာဇညော ခတ္တိယော ခတ္တံ မုဒ္ဓါဘိသိတ္တ ဗာဟုဇ

ဟူသော မုဒ္ဓါဘိသိက်ခံ မင်းအထူးပရိယာယ် ၅ ပုဒ်များနှင့် မအက္ခရာတွင်ငသတ် မင်းဟူသော ဝေါဟာရစကား မနီးပါးချေ။

သဒ္ဒနီတိတွင်

မံသိရိံ၊ အသရေကို။ ဓာရေတိ၊ ဆောင်တတ်၏။ ဝိဒဓာတိ၊ စီရင်တတ်၏။ ဣတိ၊ ထို့ကြောင့်။ မန္ဓာတာ၊ မန္ဓာတ်မင်း မည်၏

ဆိုသည်။

ဝဇိရတ္ထသင်္ဂဟတွင်

မာသဒ္ဒေါ၊ မာသဒ္ဒါသည်။ သိရိယံ၊ ကျက်သရေ၌။ ဟောတိ၊ ဖြစ်၏။ ရာဇာ၊ မင်းသည်။ မန္ဓာတာ၊ မန္ဓာတ် မည်၏

ဆိုသည်။

ဒေဝတာသံယုတ်ပါဠိတွင်

ဘောဂါနံ၊ စည်းစိမ်ချမ်းသာတို့၏။ အာလယံ၊ တည်ရာကား။ သိရီ၊ ကျက်သရေတည်း

ဟူ၍ ဆိုသည်။ ၎င်းအဋ္ဌကထာတွင်

သိရီတိ၊ သီရိဟူသည်ကား။ ဣဿရိယံ၊ အစိုးရခြင်းတည်း 

ဟု ဖွင့်သည်။

ဝဏ္ဏဗောဓနတွင်

မံပရိသံ ရာတိ ဂဏှာတီတိ မရော၊ ရာဇာ

ဟူ၍ လာသည်။ အနက်ကား

မံပရိသံ၊ ပရိသတ်ကို။ ရာတိ ဂဏှာတိ၊ ယူတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ မရော၊ မရ မည်၏ 

ဆိုသည်များနှင့် ထောက်ချင့်ဆင်ခြင်လျှင် မင်း ခေါ်ဝေါ်သည်မှာ မံသဒ္ဒါ မာသဒ္ဒါများကို အစွဲပြုသည်။ သံဃာကို သင်္ဃာ၊ အံသာကို အင်္သာ၊ ဟံသာကို ဟင်္သာ ခေါ်ရိုးတွင်သကဲ့သို့ မံသဒ္ဒါ ရှည်ကြာ၍ မြန်မာ့ဘာသာ မင်း ခေါ်ဝေါ်ခြင်း ဖြစ်သည်။

ထို မင်းဟူသော မြန်မာ့ဘာသာမှာ ဘုန်းကျက်သရေရှိသည် အစိုးရသည်ဟူသော အနက်အဓိပ္ပါယ်ကို ဆိုသင့်ယူသင့်မည် ထင်သည်။ သည့်ပြင် ကြံစည်၍ မရသေး။ မသင့်ထင်လျှင် ပြင်ဆင်တော်မူကြပါကုန်။

စိုးဟူသော မြန်မာ့ဘာသာစကားမှာ

မဂ္ဃဒေဝေါ၊ မဂ္ဃစိုးမင်း။ ဘုမ္မဒေဝေါ၊ ဘုမ္မစိုး။ ရုက္ခဒေဝေါ၊ ရုက္ခစိုး။ အာကာသဒေဝေါ၊ အာကာသစိုး။ သရဒေဝေါ၊ သရစိုး

ဟူ၍ ရှေးဆရာတို့ အနက်ပေးရိုး ရှိသည်။

အနုရုဒ္ဓဒေဝ၊ အနောရထာမင်းစော။

ဟူ၍ စူဠဝင်ကျမ်း၊ ကလျာဏီကျောက်စာ၊ ဧကက္ခရာကောသဋီကာ၊ မွန်ရာဇဝင်၊ မြန်မာရာဇဝင်ကြီးများတွင် ဆိုသည်။

ထို ဒေဝသဒ္ဒါကိုထောက်သော် သဒ္ဒါကျမ်းတွင်

ဝဒဿ ဝဇ္ဇံ 

ဟု သုတ်ရှိသည့်အတိုင်း ဒကို ဇပြု၍ မြန်မာဘာသာ စိုးဟူသောအနက် စောဟူသောအနက် ဖြစ်သည်ကို ဆိုရန်ရှိသည်။

ဒေဝသဒ္ဒါ၏ ဝစနတ္ထမှာ အဘိဓာန်ဋီကာတွင်

ဒိဗ္ဗန္တိ ပဉ္စကာမ ဂုဏာဒီဟိ ကီဠန္တီတိ ဒေဝါ

ဟူ၍ ဖွင့်သည်။ အနက်ကား

ပဉ္စကာမ ဂုဏာဒီဟိ၊ ကာမဂုဏ် ၅-ပါး အစရှိသည်တို့ဖြင့်။ ဒိဗ္ဗန္တိ၊ ထွန်းပတတ်ကုန်၏။ ကီဠန္တီ၊ ကစားပျော်မြူးတတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဒေဝါ၊ ဒေဝ မည်၏။

ဆိုသည်။

မင်းဧကရာဇ်ဟူသည်မှာ ဧကသဒ္ဒါ တခုဟူသောအနက်၊ အတုမရှိ အမြတ်ဟူသော အနက်များကို ရသည်။ အတုမရှိ မြတ်သောမင်း ဆိုလိုသည် အဓိပ္ပါယ်ယူရမည်။

၂၉၅။ မင်းရဲ[edit]

မင်းရဲကျော်စွာ မင်းရဲကျော်ထင် မင်းရဲရန္ဓမိတ် စသော မင်းရဲတပ်သော ဘွဲ့မည်များမှာ -

သဒ္ဒါကျမ်း၌

မနုဿေသု၊ လူတို့တွင်။ ရာဇာ၊ မင်းသည်။ သူရတမော၊ ရဲရင့်၏ မြတ်၏။

ဟူ၍၎င်း၊

အဘိဓာန်တွင်

အတိသူရတာ၊ အလွန်ရဲရင့်သောအဖြစ်သည်။ ဝိက္ကမော၊ ဝိက္ကမ မည်၏။ 

ဟူ၍၎င်း၊ ရှေးမင်းသားတို့ ဘွဲ့မည်ရှိသည်ကို၎င်း၊

ဝိကြမာဒိတျမင်း ဟူ၍ ကြမ္မာဒိုက်ဝတ္ထုများတွင် ရှိသောကြောင့်၎င်း၊

သူရသဒ္ဒါ ဝိက္ကမသဒ္ဒါတို့၏ အနက်ကိုယူ၍ မြန်မာ့ဘာသာ မင်းရဲကျော်စွာ မင်းရဲကျော်ထင် စသည် ဘွဲ့မည်တပ်ကြောင်း အဓိပ္ပါယ်ကို သိရမည်။

မင်းရဲသီဃရာဇ် ဘွဲ့မည်မှာ မင်းရဲသီဟရာဇ်နှင့်နည်းတူ ဟအက္ခရာကို ဃကြီးပြု၍ မင်းရဲသီဃရာဇ် ဖြစ်သည်။ ရာဇာဓိရာဇာကို ရာဇာဓိရာဇ်ဟု မြန်မာပြန်သကဲ့သို့ ယူလေ။

မိဿသိင်္ဃဓနုမာသေ

ဟူ၍ ဗေဒင်ကျမ်းတွင် ဟအက္ခရာ ဃပြုကြောင်းနှင့် သိရာသည်။ ယခုအခါ မင်းရဲသိင်္ခရာဇ်ဟု ဒုတိယအက္ခရာ ခကွေးနှင့်ရေးကြသည်မှာ အမှားရှည်ကြာ၍ အမှန်ကဲ့သို့ ဖြစ်သည်။ မင်းရဲသိခရာဇ်သဒ္ဒါတွင် သိခသဒ္ဒါ ဦးစွန်းဟူသောအနက်၊ မီးလျှံဟူသောအနက်ကို ရသည်။ မင်းတို့ဦးစွန်း၊ မီးတောက်မီးလျှံကဲ့သို့ ဘုန်းကံကြီးသောမင်းသားဟု အနက်ရလိမ့်မည်။ သင့်သကဲ့သို့ မထင်။

ဇေယျသိင်္ဃ ဘွဲ့မှာလည်း ဇေယျသီဟနည်းတူ

တောသားရန်အောင် ခြင်္သေ့ယောင်သို့ မရှောင်မညှာ တင်းတင်းမာ၍ ပညာရဲရင့် ပွဲလယ်တင့်လိမ့်

ဆိုသကဲ့သို့ အဓိပ္ပါယ်ယူရမည်။ ယခုအခါ ဇေယျသိင်္ခဟု ခကွေးနှင့် ရေးကြသည်မှာ ဦးစွန်း ၅ ခုရှိသော ပဉ္စသိင်္ခနတ်သား ဆိုသကဲ့သို့ ဦးစွန်းကို အနက်ရမည်။ ရှေးဥပဒေသနှင့် မညီ၊ မသိသောအပြစ်သာ ထင်ပေသည်။ ဆင်ခြင်တော်မူကြကုန်။

ရှေးစာဟောင်းများမှာ

ဇေယျသိင်္ဂသူ ဇေယျသိင်္ဃသူ

ဟု ဂငယ် ဃကြီးနှင့်သာ တွေ့ဘူးသည်။ မင်းရဲသိင်္ဃမှာလည်း မင်းရဲသီဟသူနှင့် နည်းတူ၊ သိဟ်ပတေ့ သီဟပတေ့ ပုဂံတရုပ်ပြေးမင်း ဦးရီးအမတ်ကြီး သိဟ်ပစ္စည်း သီဟပစ္စယလည်း နည်းတူယူရမည်။

၂၉၆။ အာကာ[edit]

ရွှေတောင်အာကာ ရဲခေါင်အာကာ အာကာသီဟ စသော အာကာတပ်သော ဘွဲ့မည်စုမှာ -

သံယုတ် အဋ္ဌကထာတွင်

အကာပုရိသောတိ ဥတ္တမပုရိသော

ဟု ဖွင့်သည်။ အနက်ကား

အကာပုရိသောတိ၊ အကာပုရိသော ဟူသည်ကား။ ဥတ္တမပုရိသော၊ မြတ်သောယောက်ျားတည်း။

ထိုမှတပါး မဟာရဟနီတိ၊ ဓမ္မနီတိ ၂-စောင်တွင်

ဒေသမောသဇ္ဇ ဂစ္ဆန္တိ၊ သီဟာ သပ္ပုရိသာ ဂဇာ။ တတ္ထေဝ နိဓနံ ယန္တိ၊ ကာကာ ကာပုရိသာ မိဂါ။ 

ဟူ၍ လာသည်။ အနက်ကား

သီဟာ၊ ခြင်္သေ့တို့သည်၎င်း။ သပ္ပုရိသာ၊ သူတော်ကောင်းတို့သည်၎င်း။ ဂဇာ၊ ဆင်ပြောင်တို့သည်၎င်း။ ဒေသံ၊ အရပ်ကို။ ဩသဇ္ဇ၊ စွန့်၍။ ဂစ္ဆန္တိ၊ သွားကုန်၏။ ကာကာ၊ ကျီးတို့သည်၎င်း။ ကာပုရိသာ၊ သူယုတ်သူမိုက်တို့သည်၎င်း။ မိဂါ၊ သမင်တို့သည်၎င်း။ တတ္ထေဝ၊ ထိုအရပ်၌သာလျှင်။ နိဓနံ၊ အမြဲနေခြင်းသို့။ ယန္တိ၊ ရောက်ကုန်၏။

ဟူ၍ ဆိုသည်။

ထိုမှတပါး ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူသည့် အင်္ဂုတ္တိုရ် စတုကတွင်

ဖလံ ဝေ ကဒလိံ ဟန္တိ၊ ဟန္တိ ဝေဠုနဠံ ဖလံ။ သက္ကာရော ကာပုရိသံ ဟန္တိ၊ ဂဗ္ဘော အဿတရိံ ယထာ_။ 
ဖလံ၊ ငှက်ပျောသီးသည်။ ဝေ ဧကန္တေန၊ သတ်တတ်၏။ ဖလံ၊ ဝါးသီး ကျူသီးသည်။ ဝေဠုနဠံ၊ မှီရာဝါးပင်ကျူပင်ကို။ ဟန္တိ - သတ်တတ်၏၊ သက္ကာရော၊ ပူဇော်သက္ကာ လာဘ်လာဘသည်။ ကာပုရိသံ၊ မှီရာသူယုတ်မာကို။ ဟန္တိ၊ သတ်တတ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဂဗ္ဘော၊ မြင်းမဝမ်း၌ ပဋိသန္ဓေနေသော အဿတိုရ်မြင်းသည်။ အဿတရိံ၊ မှီရာဖြစ်သော အမိမြင်းမကို။ ဟန္တိယထာ၊ သတ်သကဲ့သို့တည်း။

ထို ၂ ဂါထာမှာ ကာပုရိသကို သူယုတ်၊ အကာပုရိသကို သူမြတ် အနက်ရသည်။ ရတနသဒ္ဒါကို ရတနာဆိုသကဲ့သို့ မြန်မာ့ဘာသာ အာကာ ဖြစ်သည်။ ထို့ကြောင့် ရွှေတောင်အာကာ အာကာကျော်စွာတို့မှာ မြတ်သော ကျွန်တော်မျိုး မှူးသားမတ်သား၊ ထီး ဓား စားတော်ကွမ်း ရေ အမှုထမ်း ဟူ၍ လူရည်ကိုထောက်ချင့်၍ သင့်အောင်ယူရာ၏။

အာကလူ အာကယောက်ျား စသည်ဖြင့် အာကာဆိုသမျှ မြန်မာ့ဘာသာမှာလည်း မြတ်သောယောက်ျားကောင်း စသည်ဖြင့် ကောင်းမြတ်လွန်ကဲသောအဓိပ္ပါယ်ချည်း ယူရမည်။ မြန်မာ့ဘာသာကို မြန်မာနားမလည် ရှိတတ်သည်။ ကြပ်ကြပ်ကြီး သတိထားလေ။

၂၉၇။ သင်္ခယာ[edit]

သရေသင်္ခယာ ဇေယျသင်္ခယာ မင်းလှသင်္ခယာ မဟာသင်္ခယာ စသည်ဖြင့် သင်္ခယာတပ်သော ဘွဲ့မည်များမှာ -

ပုဂံပြည်တွင် နန်းကျမင်း ကျော်စွာ နန်းစံ ၆-နှစ် သက္ကရာဇ် ၆၅၄-ခု ဆောက်လှူသော ပုဂံ စည်းခုံအနောက် အသင်္ခယာကျောင်း ကျောက်စာတွင်

သက္ကရာဇ် ၆၅၄ ခု အာသန်နှစ် တပေါင်းလဆန်း ၁၁ ရက် သောကြာနေ့၌ အညာကား ငဆောင်းချမ်းထိ၊ အကြေကား တလိုင်း ရေး ဒါးဝယ်၊ အရှေ့ကား သံလွင်၊ အနောက်ကား မစ္ဆဂီရိ၊ ဤမျှလောက်သောပြည်ကို အစိုးရသော၊ သီရိတရိဘဝနာဒိတျပဝရပဏ္ဍိတဓမ္မရာဇာ မည်သော အရိမဒ္ဒနာပူရ မည်သော ပုဂံမင်းကြီး၏ ကိုယ်တူလည်းဖြစ်ထသော၊ အတုမဲ့ထသော စစ်သူကြီးဖြစ်သော သီရိအသင်္ခယာရာဇသီဟသူ မည်သော၊ တရုပ်စစ်ကို နှိမ်နင်းနိုင်သော ညီအစ်ကို ၃ ယောက်တွင် အကြီးဖြစ်သော၊ သီရိအသင်္ခယာ မည်သော မင်းသည်

ဟူ၍ ဆိုသည်။

ထိုမှတပါး စစ်ကိုင်းမြို့တွင် ဘုရင်မင်းကြီးစွာမိဖုရား သက္ကရာဇ် ၇၃၅ ခုတွင် ဆောက်လှူသောကျောင်း ကျောက်စာမှာလည်း

သီဟသူ နတ်ရွာလားက အများသားချင်း ကွဲခြင်းနှစ်ဖက် ရုတ်ရက်ပြည်ထဲ သဲသဲထရာ အသင်္ခယာ မြောက်ဘက်ရွာကို အုပ်လာစိုးနင်း မင်းမူလျှင်း၍ ရဲခြင်းခက်ထန်စောင်မာန်ကြီးသော သီရိအသင်္ခယာမင်းကြီး

ဟူ၍ မျက်မှောက်ထိုးခဲ့သော ကျောက်စာတွင် အအက္ခရာ အရင်းထား၍ ရှိသည်။

သီရိအသင်္ခယာအနက်မှာ မဟာဝင်ဋီကာတွင်

သီရိတိ ပန ပုညဝန္တ ပရိဝါရသမ္ပတ္တိယာန မေတံ အဓိဝစနံ 

ဟု ဖွင့်သည်။ အနက်ကား

ဧတံသီရိပန၊ ဤ သီရိဟူသည်ကား။ ပုညဝန္တပရိဝါရသမ္ပတ္တိယာနံ၊ ဘုန်းကျက်သရေရှိခြင်း အခြွေအရံနှင့် ပြည့်စုံခြင်းတို့၏။ အဓိဝစနံ၊ အမည်တည်း။

ဟူ၍ လာသည်။

မူလဋီကာတွင်

သိရီတိ ပညာပုညာနံ အဓိဝစနံ

ဟု ဖွင့်သည်၊

သိရီတိ ဣဿရိယံ၊ သိရီတိ ဝိပုလံဓနံ

ဖွင့်သည်များကို ထောက်၍ ဆင်မြင်းဗိုလ်ခြေ ဘုန်းကျက်သရေ အခြွေအရံ ဉာဏ်ပညာ ဥစ္စာဓန ဘောဂဗလနှင့်တကွ အစိုးရမင်း ဟူ၍၎င်း ဆိုလိုသည် အဓိပ္ပါယ်ရ ယူရမည်။ ယခုအခါ အအက္ခရာကို ချေ၍ သရေသင်္ခယာ စသည်ဖြင့် ခေါ်ဝေါ်ရေးသားကြလေသည်။

ဇေယျသင်္ခယာမှာ

ဇေယံ၊ ဇေယသဒ္ဒါကို၊ ဇေတဗ္ဗ၊ အောင်အပ်သည်၌၎င်း။ အတိပသဋ္ဌေ၊ အလွန်ချီးမွမ်းအပ်သည်၌၎င်း။ အတိဝုဒ္ဓေ၊ အလွန်ကြီးသည်၌၎င်း။ ဤရိတံ၊ ဆိုအပ်၏။

ဟု အဘိဓာန်ကျမ်း လာသောကြောင့် ရန်အပေါင်းကို အောင်တတ်သည်၊ အလွန်ချီးမွမ်းအပ်သည်၊ အလွန်မြတ်သည် အချက်ကိုရေတွက်၍ မကုန်နိုင်သော မှူးမတ် ဆိုလိုသည်။

မင်းလှသင်္ခယာမှာ ယဉ်ကျေးလှပသော အချက်ကိုရေတွက်၍ မဆုံးသော မှူးမတ်၊ မဟာသင်္ခယာမှာ ကြီးမြတ်သော အချက်ကိုရေတွက်၍ မကုန်နိုင်သော မှူးမတ် ဟူ၍ လူနှင့်ချင့်၍ သင့်တင့်အောင်ယူရမည်။

အသင်္ခယာဘွဲ့မှာ မြင်စိုင်း မက္ခရာမင်းအလျင် ရာဇဝင် ကျောက်စာတွင် အသင်္ခယာဘွဲ့မည်ကို မတွေ့ဘူးချေ။ သည်တွင်အစ မှတ်ရာသည်။

သင်္ခါသဒ္ဒါ၏ အနက်မှာ အဘိဓာန် အနေကတ္ထဝဂ်တွင်

သင်္ခါ တု ဉာဏေကောဋ္ဌသ၊ ပညတ္တိဂဏနာသုစ

အနက်ကား

သင်္ခါတု၊ သင်္ခါသဒ္ဒါသည်ကား။ ဉာဏေ၊ သိခြင်းဟူသော အနက်၌၎င်း။ ကောဋ္ဌသ ပညတ္တိဂဏနာသုစ၊ အဘို့ဟူသောအနက် ပညတ်အနက် ရေတွက်ခြင်းအနက်တို့၌၎င်း။ ဘဝေ၊ ဖြစ်၏။

ဟု လာသည်။

သဒ္ဒနီတိတွင်

သင်္ခါ၊ ဆင်ခြင်ခြင်း။ ပဋိသင်္ခါ၊ ဆင်ခြင်ခြင်း။ သင်္ခါယ၊ ဆင်ခြင်၍။ ဧကံ၊ တယောက်တည်း။ ပဋိသေဝတိ၊ မှီဝဲ၏။

လာသောကြောင့် သင်္ခါအနက်မှာ ရေတွက်ခြင်း သိခြင်း ဉာဏ်ပညာရှိခြင်း ဆင်ခြင်ခြင်း ပညတ် အဘို့အစု ဟူသော အနက်များကို ယူရာသည်။ အသင်္ခယာမှာ အကျိုးကို မရေတွက်နိုင် အနက်ရသည် မှတ်ရမည်။