လယ်တီပဏ္ဍိတ ဦးမောင်ကြီး ဘွဲ့ လေးချိုးကြီး

From Wikisource
Jump to navigation Jump to search
လယ်တီပဏ္ဍိတဦးမောင်ကြီး ဘွဲ့ လေးချိုးကြီး (၁၉၃၉ မေ ၂၇) 
by သခင်ကိုယ်တော်မှိုင်း

ဩော် ... အထက်ချင်းတွင်း အလုံမုံရွာ ဒပယင်းတောင်မှလဲ မကြွနိုင်ဘု
မဂ္ဂဇင်းဒဂုန်မှာ သတင်းအရောင်လှစေဘို့
တြင်းတသောင်အရတွေနှင့်မြန်မာ့ထုံးပြရန်
(အိုကွယ်) နဝင်းအောင်စရာ့ ကြင်းဆောင်မ ပရယ်လို့
(ဩော်) တရှဉ်းနှစ်ကောင် ကသလိုပေါ့ ဆရာရုန်းရပြန် ။

(ဩော်) နယ်ပြည့်သမိုင်းတွင်ဖြင့်
ဘယ်ကဝိနှိုင်းကြမတုန်းကွဲ့
လယ်တီဂိုဏ်းတွင် အလင်္ကာပါရဂူမို့
ဆွယ်မည့်တိုင်းလျှင် ယှဉ်စရာ တမူမတော့
မင်္ဂလာဇမ္ဗူအဝ ကြဌန်းတွင်မှ
အရှင်ဆရာနှစ်ဆူ ကဗျာ့ပန်းတွေမို့
သမတနန်းကြော့ရှင် ဒေဝီရတနာတို့နှင့်
မဟေသီကလျာ တပင်ပျော်တို့တောင်မှ အတွင်နော်နမ်းတဲ့ပြင်
ကေသီမာလာ ဆင်တော်မြန်းပါလို့
ပျော်ခန်းကြည် လင်သဒ္ဓါတဲ့
ထေရ်သီလဝင် ဆရာမဟာရဋ္ဌသာတို့ထုံးလိုပ
အစီလင်္ကာစပ်သမျှဟပ်သမျှ စာအလုံးတွေက
ကမ္ဘာဆုံးတောင် မသုဉ်းမပြယ်ရနံ့တွေနှင့်
ခံခံ့အခိုင်အခိုင်ဝေလို့မို့
ဂနိုင်အသရေ မြိုင်ခြေအခင်းဆီသို့
ကြိုင်စေလှိုင်စေ တဖြိုင်ဖြိုင်တကြွေကြွေဆင်းပေတဲ့
ရွှေမင်းဝန် တောင်ပေါ်ကပန်းတွေထက်
နုကဗျာ သူ့စာကလန်းပေသမို့
မန်းဇမ္ဗူ့ပလ္လင်ပျံမှာနော်ကွယ်
အဖမ်းအညုနန်းရတုလိုမို့ 
ဘန်းသူ့ဆင်ရန်
ကဝိမှတ်ထုံးဝယ် ကတယ်တင်ဘွယ်အထူးရဲ့ပြင်
ပိဋကတ်သုံးသွယ် အပြင်ကျယ်တဲ့ပင်လယ်ကူးပေမို့
(ဩော်) မာလိန်မှူးရယ်တို့ ရေလမ်းသန်သလို
အထွေထွေကျမ်းဂန်ကိုတော့ အမြင်မှန်မှန်စီး
(အိုကွယ်) ရေနန်းယာဉ်ပျံလိုပေါ့ လျင်လျင်မြန်မြန်ခရီး ။

တွေးတောစရာ
ရှေးသရော ယမံအခါက
ဟံသာကို ဓမ္မက္ခန္ဓာနှင့် စိုးပေသမို့
ပထိုးစေတီထင်ကြတဲ့ ပကိုးနေခြည်အသွင်သို့
ဓမ္မစေတီရှင်ဘုရင်သမတ လူဝင်စားပေထင့်
ကေသရီဘုရင် ပတ္တမြားဂူတခွင်ကြွားသလိုပေါ့
တသွယ်ပုံဆောင်လျှင် အကွယ်ချုံရှောင်ရတဲ့
ဒရယ်ယုန်ကြောင်အလားတွေမို့
(ဩော်) ဘသူဟန်တယ်တော်တယ်လို့ တမူစံပေါ်ကြမလဲကွဲ့
လူပြန်တော်မှာ သူအမှန်မဟော်သဓာအလားပေမို့
ဗြဟ္မာ့သာသနာမှာတောင် သကဋဘာသာသွားလိုက်ပုံက
မာဂဓီသင်ရည်ပါ နာဂရီဗင်္ဂလီဆားပေပေါ့
အားထားဘွယ်အင်္ဂါစုံလို့မို့
ပညာဂုဏ်အရည်အချင်းဟာက
ယခင်မြန်မာဘုံ ပြည်အတွင်းတွင်ဖြင့်
မင်းများရာဇာ့သနင်းအမွန်ပေပ
ပင်းယမှာ အတွင်းဝန်ပြုစေတဲ့ စတုရင်္ဂဗိုလ်သို့
သွင်နဂိုရ်သို့ ထင်ဘိသော်လဲ့
အရင်လို ကိုယ့်အရှင်သခင်ကလဲမရှိချိန်မို့
"ပဏ္ဍိတာ" အသရေဆောင်တဲ့
ကဝေအခေါင် "ဦးမောင်ကြီး" မှာတော့
ဟိုနှစ်ကောင် "ဦးမောင်ကြီး" တို့လို
ရုံးပေါ်မှာ ဘုန်းတော်မကြီးသော်လဲ
အံ့ချီးဘွယ် ဝသီလှပုံက
သီလသမာဓိရယ်နှင့်
မေတ္တာပါ သစ္စာကလဲရှိတဲ့ပြင်
ဂတိတကယ်မဖီတဲ့
လယ်တီနွယ် သူတောင်ကောင်းရယ်နှင့်
ဆရာမှာ ကမ္ဘာကအကြောင်းပေထင့်
ဒဂုန်မှာ မကြုံတောင်းပေပေါ့
(အမယ်မင်း) ၎င်းအထက်ထက်ဘဝဘဝက ယခင်ဝါသနာနဲ့
ကြင်ကြင်နာနာဘဲ နီးခဲ့ကြတဲ့
(ဩော်) အဟောင်းက လက်စပေထင့်
အကြောင်းဆက်ကြပေသမို့
(အိုကွယ်) ပေါင်းရဖက်ရတဲ့ အနဂ္ဃမင်္ဂလာကြီး ။ ။


မှတ်ချက်[edit]

ဆာဂျေဧ မောင်ကြီး နှင့် အမ်ဧ မောင်ကြီး တို့ကို ဆိုလိုသည်။