တောင်ဘက်ပိန်းဝင်ဘွဲ့ တျာချင်း

From Wikisource
Jump to navigation Jump to search
တောင်ဘက်ပိန်းဝင်ဘွဲ့ တျာချင်း
by ဝန်ကြီး ပဒေသရာဇာ

မိုးဦးကာလ၊ ချောင်းကျပြီဆိုလျှင်
ပန်းလောင်ကြောမှာ၊ ပိန်းကောလှေငယ်ရှင်။ ။
တောင်ဘက်ကယ်တခွင်၊ ထွက်ဝင်ဖေါက်ကား
ပဲ့ပါမည့်သူ မပါလူ၊ ထိုးသူတစ်ယောက်သားငယ်နှင့်လေး။ ။
ငါးပိဆားပြား၊ ဖေါက်ကားရအောင်
ပဲလွမ်းပဲကြီး၊ သီးသီးယူကြဉ်းဆောင်။ ။
တက်မ ကိုမြှောင်၊ ကွမ်းပေါင်နီကြောင်း။ ။
နာဘူးခက်ညို၊ ကိုင်းညွတ်ယို
ပင်ကိုယ်နှီးသား ပေါင်းငယ်နှင့်လေး။ ။
ခမောက်မှာကောင်း၊ အုပ်ဆောင်းငယ်မပါ
သိုး[1]လည်းမစပ် ဝါးပပ်ကယ်တစေသာ။ ။
ထိုးဝါးကိုယ်မှာ ဘယ်ညာပခုံး။
ခြေနှင့်ကျောက်ကန် တွန်းလိုက်လှန်
အားအန်လွန်ကြီးဆုံးငယ်နှင့်လေး။ ။
ခါးတောင်းကျိုက်လုံး ပခုံးခဲထွေ
ချွေးကလည်းစီး မီးမီးကျသည့်ရေ။ ။
စဖိုမှာပေ ချက်လေထမင်း။ ။
မနပ်နိုင်ပြီ တစီစီ
နန်းနီသာ မီးအိုးခင်းငယ်နှင့်လေး။ ။
ဝမ်းလိုဏ်တွင်းငယ်မှာ သွတ်သွင်းမြဲပင်
အငွေ့နှင့် ချောင်းချောင်း၊ စလောင်းနှင့်ငပိကင်။ ။
လှေဆိုက်တည့်လျှင်၊ ကြေးလင်နှင့်ကျင်း။ ။
ရိုးရွက်ကယ်ဖူးခေါင်၊ အာပါးကိုလောင်
ချဉ်ပေါင်ပူသည့် ဟင်းငယ်နှင့်လေး။ ။
တယောက်ချင်းသည်၊ ထမင်းခူးသော်
တဆုပ်ကယ်နေ့တိုင်း၊ လမိုင်း[2]ရှိပူဇော်။ ။
သွေးသောက်ကယ်ခေါ်၊ အဖေါ်ပေါင်းညှိ
ငုံ့ကာငုံ့ကာ ဝပ်၍သာ
ဆုပ်ကာလွေးလိုက်ဘိသည်နှင့်လေး။ ။
စားမိစားရာ ဝမ်းမှာကျင့်တော့သည်။ ။
ပိန်းကောသူကြီးမှာ ချမ်းသာ မြင့်တော့သည်။ ။

ခက်ဆစ်[edit]

  1. သိုး=အဝတ်အထည်ဖြင့်ပြုလုပ်သော-အနားလေးဘက်ခေါက်၍ထားသော ပေါင်းရစ်ဦးထုပ်တစ်မျိုးဖြစ်သည်။
  2. လမိုင်း=လယ်စောင့်နတ်။ ။ ထမင်းခူးသော်၊ တစ်ဆုပ်နေ့တိုင်း၊ လမိုင်းရှိပူဇော် = လယ်စောင့်နတ်ကို ထမင်းခူးတိုင်း တဆုပ်-တဆုပ်တင်သည် ဆိုလိုသည်။
PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.