တောင်တွင်းရွှေပြည်

From Wikisource
Jump to navigation Jump to search
တောင်တွင်းရွှေပြည်
by ရှင်မဟာသီလဝံသ



တောင်တွင်း ရွှေပြည်

အချာ ပဝရ ဌာနအောင်ချက်
ဘူမိနက်၌ နှိုင်းဖက်တုကင်း
ထောင်ပြုခြင်းဝယ် တောင်တွင်းခေါ်မည်
တို့ ရွှေပြည်မူ ယဉ်ကြည်နက်ဆုံး
ကျုံးလည်း သီတာ လှပကြာနှင့်
သန္တာအတိ စီ၏ ဘိသို့
မြို့နှင့် တန်ဆောင်း ရဲလောင်း ရင်တား
တံခါးလေးသွယ် ဖိုင်ဖိုင်ကျယ်၏
ခြောက်ဆယ် ထုပ်ဝါ နန်းတော်မှာလည်း
လယ်ချာ မှန်ကင်း မင်းလည်း ဆွေစုံ
သီလထုံလျက် မွေပုံခြောက်ရောင်
အင်းတောင် စည်းခုံ ထူပါရုံက
စသည် မုဋ္ဌော ကျော်ဇောဘုရား
ရေသော် များ၏ တရား သံဃာ
ရတနာတည့် ပည်းမျှရှိသား
ဇာတိခေါင်တည် သာမျိုးစည်သည်
နတ်ပြည် တူသမျှ လှည့်သော။

နရာ ပထမ တည်သောစက
ဌာန သေဌ်မြေ ချက်မြှုပ်နေ၍
ဝေးမြေရပ်ထူး မရောက်ဖူးသည်
ရွယ်လူး ခင်ညို သွေးကြည်းဆိုသော်
သံချို ခင်ဦး ပျံ့ပျူးသာယာ
ပြန်ပိမ့် နာလော့ ပမာ ထုံးစံ
ကြောင်းဝေးလံစွ ငှက်ပျံ ခေါင်းလောင်း
ရေကြောင်း ရှာသွား ယောကျာ်းလားသို့
ကြက်ကား တစ်တွေး ဒေါင်းတစ်ငေးမျှ
မဝေးကြဘူး မြေခေါင် ကျူးသား
ရပ်ထူး စွန်နား တစ်ပါး ပြည်ရွာ
သျှင်တို့မှာသို့ လိုက်လာစေကြောင်း
မသွေးကောင်းခဲ့ ရှေးနှောင်း နေတည်
ဆက်စဉ် ရှည်သည်
မှတ်ရည် ယူမဆလှည့်သော။

အခါ သမယ ရောက်လကလည်း
ဌာန ဘုရား ကျောင်းကန်သွားသော်
ဝတ်စား ဆင်ယင် ထမ်းစင် သန်လျင်း
စီးနင်း တစ်သွယ် အံ့ဖွယ် ရိတ်စက်
ကျိုင်းချင်း ယှက်မျှ စဉ်ဆက် ဘေးဘိုး
ဘောင်ရိုး ကုန်ကြွယ် မိဖဝယ်လည်း
လိုမယ် မတ ပြည့်စုံလှလျက်
ပြည်ပ ပြည်တွင်း အချင်းခပ်သိမ်း
သူစိမ်း သူကျက် ဆံသက် နီးဝေး
အိမ်ဈေး သဘင် စုံအင် ရှစ်မည်
မယ်၌ တည်လျက် မြရည် ကျိုင်းထွား
ရွှေဝသားလျှင် သနားတစ်ကိုယ်
တူပျော်လိုဟု တွေးချို မဆ
မြင်ကာမျှကို မိဖအုပ်ချုပ်
ကျွန်ုပ်ဘယ်မှာ သျှင့်နောက်ပါအံ့
မေတ္တာမြဲချည် သီလ တည်သည်
ညွတ်ကြည် ချူမရလှည့်သော။ ။

PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.