ဗြိစ္ဆာရာသီ တန်ဆောင်မုန်းလဘွဲ့ လူးတား

From Wikisource
Jump to navigation Jump to search
ဗြိစ္ဆာရာသီ တန်ဆောင်မုန်းလဘွဲ့ လူးတား  (1781) 
by ဦးယာ

နှင်းဖွဲ့မှိုင်းရီ၊ ရာသီဗြိစ္ဆာ၊
ကွေးလာမလုံ၊ လွှမ်းခြုံချမ်းစ၊
လွမ်းလှလေ[1]။ ။

တိမ်ခြေရစ်သန်း၊ မင်းလွင်ဖျန်း၍၊
စက်ခန်းသုံးသိန်း၊ ဓာတ်ကိန်းအာပေါ၊
ကျယ်ပြောတိန[2]၊ သို့သည့်လကို၊
မာသ ဗြိစ္ဆာ၊ နေ့မှာနာရီ၊
စွန်းညီအပြား၊ ရှစ်ခုသား၍၊
ရင်းအားနှစ်ဆယ်[3]၊ ညဉ့်ဝယ်ဗီသ၊
တြိန္နနှင့်၊ ထွန်းပနက္ခတ်၊
ငွေပြဿာဒ်နှင့်၊ ကြယ်ကြိတ္တိကာ၊
ကျီးတာရာတို့၊ ပြည့်လှာကုန်ကျ၊
ဂြိုဟ်သူရနှင့်၊ ညီမျှတူစွာ၊
ဝိသာခါလျှင်၊ နေ့မှာ လှည့်သွား၊
ဘဝါးစတု၊ ချမ်းစပြုသား၊
ငွေဥစိုစို၊ မိုးလုံးညို၍၊
မောက်မိုဖြိုးမြင့်၊ ရွှေပွင့်ခဝဲ၊
ဝတ်မှုံကြဲလျက်၊ ထွတ်ကဲစိန္တေ၊
ရှင်တော့်မွေကို၊ ရိုသေညွှတ်ကျိုး၊
မသိုးသင်္ကန်း၊ လှူဒါန်းရောင်ရှိန်[4]
ကထိန်ပွဲခင်း၊ ကြိုင်သင်းပန်းမာလ်၊
ဆုပန်မြွတ်ဟ၊ သံချိုမြနှင့်၊
အလှပြောင်းအိ၊ သတိရွှေသား၊
သည်အလားသို့၊ ငါးပါးအင်စုံ၊
ဆူကြုံနိမ့်မြင့်၊ ပြစ်မျိုးလွင့်လျက်[5]
မြပွင့်စိမ်းနီ၊ ပြာရီရောင်စု၊
ကျီးဥလိုလို[6]၊ ယဉ်ပျိုနုနယ်၊
နတ်နှင့်ဆွယ်သို့၊ လည်ဝယ်ရွှေညှင်း၊
လဲ့ဝင်းပြာဖြူ၊ ဟန်ယူယိမ်းနွဲ့၊
ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်းဟု၊
ခွေနှုန်းခန်းလယ်၊ ဇာခြယ်အုံးပေါ်၊
မွှေးပေါင်းဖျော်၍၊ (ကြင်ဖော်မစုံ၊
ပိုက်ခြုံကွာဝေး၊ ခြူးကွေးဝန်းယှက်၊
လယ်ဗွေထက်၌၊ မြရွက်ကေသာ၊
လွမ်းမူရာနှင့်၊ သန္တာညွန့်သစ်၊
သရစ်ပေါ်ဖူး၊ လျှပ်ရောင်မြူးလျက်၊
ဆောင်းဦးဆည်းဆာ၊ လေပြေလာ၍)[7]
သောကြာရပ်က၊ ဆွတ်ဖျန်းပြသော်၊
မြိုင်ဝပတ်လည်၊ ပင်တိုင်းစည်လျက်၊
သံမြည်ရင့်ကျူး၊ ကျေးငှက်မြူးသား၊
ဆန်းထူးဝေဝေ၊ မြောက်လေသွင်းချီ၊
ရာသီဗြိစ္ဆာ၊ လမှာတန်ဆောင်၊
မြူမှောင်မသန်း၊ သော်တာဆန်းသည်။ ။
တိမ်ပန်းထက် ကောင်းကင်ကလေ။ ။

စင်ကြယ်တည့် ညစ်ကြေး မြူမထွေး။ ။
ချမ်းအေးမိမယ်ကို။ ။
ဘုန်းမိုမှာပျော်ဘဲ မယ်ဝမ်းနဲ[8]။ ။
နှင်းပွဲဝန်းလည်ဝေ။ ။
သည်းကြွေတည့် တုန်ချမ်း မျှော်မိလွမ်း။ ။

မှတ်ချက်[edit]

  1. နှင်းဖွဲ့မှိုင်းရည်၊ ရာသီဗြိစ္ဆာ၊ ဘော်ကွာတုန်ချမ်း၊ လွှမ်းလို့မလုံ၊ ခြုံသော်ဧမြ၊ ဆွေးရလေ (မ) (ဟ)
  2. မှာကိန်းအာပေါ၊ ကျယ်ပြောထိရ (မ)။ မှာကိန်းအာပေါ၊ ကျယ်ပြောဒိန (ဟ)။
  3. စွန်းညီအပြား၊ ရှစ်ခုထား၍၊ နောက်ကားနှစ်ဆယ် (မ) (ဟ)။ စွန်းညီအဖျား၊ ရှစ်ခုထား၍၊ နေ့အားနှစ်ဆယ် (ဘ)။
  4. မညှိုးသင်္ဃာ၊ လှူဒါရောင်ရှိန် (မ) (ဟ)
  5. မြင်တိုင်းတင့်လျက် (မ) (ဟ)
  6. ပြာရီရောင်စို၊ ကျီးဥလိုနှင့် (မ) (ဟ)
  7. မွှေးပေါင်းဖျော်၍၊ သွင်းဆော်လေညာ၊ သောကြာရပ်က (မ) (ဟ) မူတွင် ဤမျှသာရှိသည်။ ကွင်းပိုဒ်စကား မပါ။
  8. အုံးမှီမှာပျော်ဘဲ မယ်ဝမ်းနဲ (ဘ)။ လွမ်းပိုလို့ဖော်ကွဲ မယ်ဝမ်းနဲ (မ) (ဟ)
  • မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
  • [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
  • [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
  • [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse